Saturday, April 3, 2010

မသိနိုးနိုး သိနိုးနိုး နေ့စွဲများ

ကိုယ်မကြည့် ဖြစ်တဲ့သက်တန့်တစ်ခု
မိုးသားတွေကြား တွဲလဲခိုနေတယ်
အချိန်တန်တော့လည်း ပျောက်ကွယ်
 နေ့ရယ်ညရယ်မဟုတ် လှုပ်တုပ်တုပ်နဲ့
ဒါတွေက မေ့ထားလို့ရနိုင်မလားလေ

မနေ့ကငါနဲ့ ဒီနေ့ငါ
အစားထိုးတရားတွေက ဖြစ်ပျက်
 လစ်လပ်စရာမရှိလောက်အောင်ပဲ
ဒီဒုက္ခတုံးကြီးပဲ တသသနဲ့
လှတယ်ထင်နေပုံများ အော်ဒါငါတဲ့လား

 အရှိတရားတွေကို ခဏမေ့လို့
သတ်မှတ်ချက်တွေမှာ ကျင်လည်
အစစ်တွေပျောက်နေတဲ့ အမှား
သစ္စာတရားတွေက ပိန်လိန်ခဲ့ရ
လုံးပါးပါးလာတဲ့ သာဓုနရ* တရားလေးပါး

အရေအတွက်နဲ့ အရည်အသွေး
မှတ်ကျောက်တင်ခံ သဘာဝတရား
ဖြစ်ခြင်း ပျက်ခြင်းများ၌ ထင်ထင်ရှားရှား
အကြောင်းတရားနဲ့ အကျိုးတရား
ဘာတွေတိုးပွားအောင် လုပ်ကြမလဲ
အလုပ်တွေကို အကြောင်းပြု
ပယ်စရာ သိစရာ ဖြတ်စရာတွေနဲ့
လွတ်မြောက်မှုလမ်းက ကိုယ့်နားမှာ
တိုးတိုးတိတ်တိတ် သတိပေးနေရဲ့လေ
အခုချိန်ထိတော့ တိတ်တိတ်တိုးတိုး
မသိနိုးနိုး သိနိုးနိုးနဲ့ လျှောက်နေတုန်းပါပဲ...။

 *သာဓုနရ = သူတော်ကောင်း*

 ကျော်ဦး ( 20.11.2012)

No comments:

Post a Comment