Friday, November 30, 2012

ကဗျာရဲ့သွေး

အရင်ကလို မရိုင်းချင်နဲ့
လက်ရှိခေတ်က ဒို့ခေတ်ဖြစ်ရမယ်
အခု ကဗျာခေတ် စတင်တော့မယ်
ကဗျာဆရာများ နေရာယူလို့
လူသေတွေ လူရှင်ဖြစ်အောင်
ကဗျာသွေးတွေ ဖောက်တိုက်ကြမယ်

ကျန်ခဲ့တဲ့ နှစ်တွေမှာတော့
ကဗျာကွက်စီးပွားရေးစနစ် အားကောင်း
ရောင်းလိုအားလည်းကောင်း ဝယ်လိုအားလည်းကောင်း
ကဗျာတွေက ကားဝယ်စီး ကဗျာတွေက ပဲပြုတ်စားနဲ့
မတည်ငြိမ်နိုင်ခဲ့တဲ့ အိတ်စ်ပို့ကဗျာဈေးကွက်
အရင်းရှင်ကဗျာတွေ ဝမ်းသာရတဲ့ခေတ်

ရေဒီယိုတွေ နားထောင်ခဲ့ကြ
တီဗီသတင်းတွေနဲ့ကြီးပြင်း
မျက်စိတွေ မှေးနေတဲ့အချိန်တွေလွန်လို့
သတင်းနဲ့နည်းပညာတွေထွန်းကား
အင်တာနက် ကွန်ယက်က ကမ္ဘာ့ရွာကြီးဖြစ်
တလွဲဆံပင်ကောင်းပုံက လိင်မှုရှုပ်ထွေးကြတယ်
ပွင့်တဲ့မျက်လုံး အနည်းငယ်သာရှိလေရဲ့

ကဗျာအမေကြီးက ပြောတယ်
ကဗျာက ရုန်းကန်ရမယ် တိုက်ခိုက်ရမယ်
ကဗျာရယ်လို့ဆိုရင် ရင်ထဲက အသံပါရမယ်
ကဗျာမှာ ဝင်ငွေမရှိဘူး ဆင်ခြေမရှိဘူး
ကဗျာဆိုတာ သတ္တိရှိတယ် သုံသပ်ခြင်းရှိတယ်
ကဗျာက ခေတ်ကြီးကို သရုပ်ဖော်နိုင်ရမယ်

ငါတို့တွေအတွက် အလင်းရောင်လိုတယ်
ပညာရေးမှိတ်တုပ်မှိတ်တုပ်နဲ့ ဖြတ်သန်း
မကျေမချမ်းနဲ့ရတဲ့ လက်မှတ်တစ်ခုကိုင်
အလုပ်အကိုင်ဆိုတာကို ရှာကြည့်စမ်းပါ
ညစောင့်လား ပြာတာလား ခင်ဗျားရကိုရမယ်
ခင်ဗျားက ပညာတတ်ကိုးဗျ..

အခုတော့ တို့ပြည်ကြီးက
တောင်သူဦးကြီးတွေလည်းပျောက်
လူငယ်တွေက ဟိုရောက်ဒီရောက်
တိုင်းတစ်ပါးသွား စီးပွားရှာတဲ့ခေတ်က
ရိုးတွင်းခြင်ဆီအထိ လှိုက်စားခဲ့ပြီပေါ့
ရင်နာစရာတွေ များခဲ့တဲ့အရပ်
ခင်ဗျား ပြောနိုင်မလား....
အဲဒီသမင် ဘယ်တာကထွက်ခဲ့တာလဲ....။

ကျော်ဦး (17.10.2012)

မကျေနပ်ခြင်းများ


မတတ်သာလို့ ဆုံရှုံးပေးရမလား
ကိုယ့်လက်ထဲက ခံစားခွင့်တွေက
ယုတ္တိဗေဒကျကျ စဉ်းစားကြည့်
ကိုယ်ပိုင်တဲ့ ကိုယ့်ဆုံးဖြတ်ချက်ကို
အဓမ္မအကျင့်ခံလိုက်ရတာ ဝမ်းနည်းစရာကောင်းတယ်

မရနိုင်တော့ အတိတ်တွေဆီကို
နောက်ပြန်ရစ်ပြီး သွားကြည့်ချင်တယ်
ဗလာကျင်းထားတဲ့ စိတ်တွေနဲ့
ကိုယ့်အတွက်ကျန်မယ့်ဈေးဖြတ်ပေးဖို့
ဟစ်တလာ မသတ်နိုင်ခဲ့တဲ့ ဂျူးတစ်ယောက်ကို
ကိုယ့်တန်ဖိုးကိုယ် ဈေးဖြတ်ခိုင်းလိုက်မယ်

ဘယ်ရှုထောင့်ကနေကြည့်ကြည့်
လက်နှစ်ဖက်ကစလိုက်တဲ့ တိုက်ပွဲ
ရေထဲခဲပစ်လိုက်သလို လှုပ်ရှားထကြွလို့
အရောင်ဆိုးထားတဲ့ မုသားတွေသုံး
အတ္တတွေကို နာရီထဲထည့်ပြီးလည်ပတ်နေရတာ
ပစ္စုပ္ပန်တွေအတွက်တော့ ရင်နာတယ်

ကိုယ့်ရည်သွေးဖို့ ပွတ်တိုက်ထားခဲ့ရဲ့
အရည်အချင်းတွေ လုံးပါးပါးလို့
အနာဂါတ်အတွက် တိုက်မယ့်စစ်က
ဘော်ရှီဗစ်တွေနဲ့ စစ်ထိုးနေရသလိုပဲ
ကိုယ့်မြှားကိုယ်ချွန်နေတာတောင်
ကိုယ်ချွန်တဲ့မြှားနဲ့ ကိုယ့်လိပ်ပြာအပစ်ခံရတယ်

မကျေနပ်ခြင်းတွေ အစပြုခဲ့တာ
ရောက်ခဲ့တဲ့ အသက်အရွယ်ကိုလည်းမကျေနပ်ဘူး
ရောက်နေခဲ့တဲ့ နေရာကိုလည်း မကျေနပ်ဘူး
ပိတ်ပင်ခံရတဲ့ လွပ်လပ်မှုကိုလည်း မကျေနပ်ဘူး
ပျံတန်တန်နံတန့်တန့် ကံတရားကိုလည်း မကျေနပ်ဘူး

ဒီနေ့အဖို့တော့........
မဓါတ်တစ်ခုရဲ့ ဦးဆောင်မှုကို
မကျေနပ်ခဲ့တာ အသေအချာပဲ..။

ကျော်ဦး (20.10.2012)

အထုပ္ပတ္တိ

ငါကြောက်နေခဲ့တယ်
လူလိမ္မာတွေရဲ့ အတ္တတွေကို
ဂုဏ်ချင်းယှဉ်ရင်တော့ သူတို့အသာပေါ့
ဒါဆိုစိန်ခေါ်ထားခဲ့လိုက်မယ်
သွေးချင်းယှဉ်မလား စိတ်ချင်းယှဉ်မလား
ဒီကောင်က အနုပညာသွေးကြီးတဲ့ကောင်

ကဗျာအချင်းချင်း စီးချင်းထိုးရာက
ကဗျာတွေ သေခဲ့ကြတယ်
ကဗျာတွေက ငိုချင်းတွေဆို
ကဗျာတွေက တောက်တခေါက်ခေါက်
ကဗျာဈာပနတစ်ခုမှာပေါ့
အဲဒီလူတွေသွားမယ့်လမ်း ကြေးစည်ထမ်းပြီးလိုက်မပို့ချင်ဘူး

အမှောင်ကျနေတဲ့ အရပ်မှာအလင်းဖြန့်ဖို့
မောင်ချောနွယ်ပြောတဲ့ ဒဏ်ခံကြိုးလေးတွေလေ
သမိုင်းကမပေးပေမယ့် တာဝန်ကျေချင်တဲ့သူတွေ
ရင်ခုန်သံတွေချင်းထပ်လို့ ခံစားချက်ကိုယ်စားပြု
အတုအယောင်မဟုတ် လူစိတ်ရှိတဲ့လူတွေ
အသက်မွေးဝမ်းကျောင်းမဟုတ်ပေမယ့်
ယုံကြည်ချက် မြင့်မားသူတွေသာဖြစ်ခဲ့တယ်

သူတို့တွေက တိုက်စားခံရတဲ့ ခြေရာတွေမဟုတ်
ကျောက်သားတွေထက် မြဲမြံတဲ့ ခံယူချက်နဲ့
စကားလုံးတွေနဲ့ အနက်ရှိုင်းဆုံးထိုးပြ
လတ်ဆတ်ခြင်းတွေကို စားသုံးစေဖို့
အတွေးသေတွေကို ရှင်သန်စေဖို့
ခင်ဗျားတို့ စိတ်ဓါတ်ဖြူတွေကို လေးစားလျက်
သစ္စာတရားနဲ့ ဂုဏ်ပြုအပ်တယ်
ကဗျာတွေ သက်တော်ရာကျော်စေသော်..။

ကျော်ဦး (22.10.2012)

တွေးရင်း ရေးခဲ့ မေးခဲ့သော စကစ်ဇိုတစ်ကောင်

ခပ်ပြင်းပြင်း မီးတောက်တစ်ခုကို မျိုချလိုက်ရသလိုပါပဲ
မီးလောင်ရာလေပင့် မီးတောက်ရဲရဲထဲကလူ
တောမီးလောင် တောကြောင်လက်ခမောင်းခတ်တယ်
တောမီးလောင်ခြင်း၌ အပြစ်ရှိသလော
လက်ခမောင်းခတ်သော တောကြောင်၌ပင် အပြစ်ရှိသလော

ဝင်ကစွပ်တစ်ကောင်ရဲ့ အိမ်ယာတစ်ခုကဲ့သို့ မျှောလွင့်လို့
ဒီခေတ်မျက်နှာသစ်ဆေးတွေက လောဘအဆီတွေကိုဖျောက်ပေးနိုင်သတဲ့
နှစ်ချို့ဝိုင်တစ်ခွက်ရဲ့ ရီဝေခြင်းတွေက အမှန်တရားများလား
တစ်ခါတစ်လေ ငါ့ကိုယ်တိုင်ကရော ငါဟုတ်ခဲ့ရဲ့လား
သိခြင်းမသိခြင်းများ၌ မည်သူအပြစ်ရှိသနည်း

ကိုယ်တိုင်ရေးလို့ ကိုယ့်ပုံမထွက်ဖြစ်တဲ့ လက်ရေး
ခပ်တည်တည်ပဲ မျက်နှာပေါ်မှာ အတုတွေဆင်မြန်းပြီးထွက်ခဲ့တယ်
လူတွေရဲ့ အစိုင်အခဲအပြုံးတွေက ခေတ္တတော့ ဖမ်းစားလေရဲ့
သုံးစွဲထားကြတဲ့ ရေမွေးကုမ္မဏီတံဆိပ်တွေ ကြွားနေကြလေရဲ့
ကိုယ်ကပဲ လူသားမဆန် ရေမွှေးနံ့ကို မခံနိုင်ခဲ့တာများလား

ညနေခင်းတစ်ခုရဲ့ တေးသံ နားခံသာပါရဲ့လား
အိပ်တန်းပြန်ငှက်တွေကတော့ အချက်ပေးနေလေရဲ့
ပြည်တွင်းစစ်တွေ ငြိမ်းအောင်ဆုတောင်းနေရင်းနဲ့
ဘုရားသခင်နဲ့ဆုံတွေ့လို့ စကားပြောမိတဲ့နေ့လေ
သူ(ဘုရားသခင်) ကပြောတယ်...
မင်းဖြတ်လာတဲ့ ကာလကြီးကိုက ကြွပ်ဆပ်ဆပ်နဲ့
ဘယ်အချိန်ကျိုးမယ်မှန်မသိတဲ့ တံတားဟောင်းတစ်စင်းလိုပဲတဲ့
ခေါင်းငိုက်စိုက်ချလို့ အတွေးတွေ လေထဲလွှင့်ရင်း
ကျနော့်ကိုယ် ကျနော် ပြန်ရှာခဲ့တယ်

သွေးသားတွေလမ်းဖောက်ရင်း တံတားတွေဆောက်လို့
အချိန် ကာလ ဒေသ နက္ခတ်တွေ သေချာရွေးရင်း
ကံတရားနဲ့ဆော့ကစားကြည့်ဖို့ ယတြာတစ်ခုလုပ်ခဲ့တယ်
ငြိမ်းချမ်းရေးတရားရဲ့ ဘာသားစကားတွေကို ဖွင့်ဆိုလို့
နယူတန်ရဲ့တရားက မပြည့်စုံဘူးလို့ ဆုံးဖြတ်ချက်ချမိတယ်
အမှန်တရားပေါ်သုံးသပ်ခဲ့ပြီး စကားလုံးတွေနဲ့ အလောင်းအစားလုပ်
ငြိမ်းချမ်းရေး အလင်းရောင်သန်းမယ့် တံခါးတွေကိုဖွင့်နိုင်ဖို့
ငါတို့က သီချင်းတစ်ပုဒ်ဆိုတာ မဖြစ်နိုင်ဘူးလား......။

ကျော်ဦး (25.10.2012)

မေ့လျော့နေသော သံဝေဂ


မျောလွင့်နေတဲ့ ကာလတစ်ခု
သူ့ကိုသူတောင် ကုန်ဆုံးမှန်းမသိဖြစ်ခဲ့
အချိန်တွေကတိုက်စား လုံးပါးပါးရင်းနဲ့
မိုးပြိုမှာစိုးတဲ့ ငှက်တစ်ကောင်လို
ကောင်းကင်ကို ခြေစုန်ကန်ဖို့ကြိုးစား
ကျနော်က မြေကြီးနဲ့ကောင်းကင်ကြား
အလွှာပါးပါးလေး တစ်ချပ်ပါ

လျှောက်လှမ်းခဲ့တဲ့ သက်တမ်း
ပြန်လွမ်းမနေတော့ဘူး
တံစို့ထိုးထားတဲ့ ခေတ်ကြီးကိုမီးကင်
ပြင်ဆင်ဖို့မရှိတဲ့ အတ္တတရားတွေအတွက်
အနာဂါတ်တစ်ခုလုံး မော့သောက်လို့
လမ်းကတော့ အခုထိ ရီဝေဝေနဲ့ပဲ

သက်ရောက်မှုတွေအတွက်တော့
တစ်ချို့အရာတွေက အဟောသိကံဖြစ်ခဲ့ဘူးတယ်
ကိုယ့်စိတ်ကို ကိုယ်တိုင်အကျဉ်းချရင်း
ဆိတ်ငြိမ်ရာ တစ်နေရာစာအတွက်
ကင်းဗတ်စ အဖြူတစ်ချပ်မှာ
ဆေးစက်တွေနဲ့ ပက်ဖြန်းလို့ အရုပ်မထင်ခဲ့ပေမယ့်
နယူတန်ရဲ့နိယာမကို လက်ပြနုတ်ဆက်သူတွေက
သုညဓါတ်တွေ ကူးစက်စေခဲ့ကြပြီလေ

နောက်ဆုံး သိခဲ့ရခြင်းကတော့
မသိခဲ့တဲ့ နိဒါန်းတစ်ခုရယ်
မသိခဲ့တဲ့ အဆုံးသတ်နိဂုံးရယ်
သိနေခဲ့တဲ့ အမှန်တရားတစ်ခုသာ
ခိုင်ခိုင်မာမာ ရှိနေပါကြောင်း...။

ကျော်ဦး ( 23.11.2012)

သောက်ရေအိုးစင်နဲ့အတူ

(၁)

                      မနေ့တနေ့ကလိုပါပဲ သူ့ရင်ထဲကမမေ့နိုင်တဲ့ အဖြစ်အပျက်တွေက ကျန်ရှိနေဆဲပါလေ။ သူ့နာမည်က ထွန်းမောင် အားလုံးကတော့ သူ့ကို တယောထွန်းမောင်လို့ ခေါ်ကြတယ်။ သူတို့ရပ်ကွက်လေးမှာ တယောထိုးတတ်သူဆိုလို့ သူတစ်ယောက်တည်းရှိတာကိုး..။ သူ့အိမ်ဝိုင်းလေးရဲ့အရှေ့မှာ အရိပ်ကောင်းကောင်းရတဲ့ မန်ကျည်းပင်ကြီးကို ရှိတယ်လေ။ သူကကုမ္ပဏီတစ်ခုမှာ စာရင်းကိုင်အလုပ်လုပ်တယ်။ အလုပ်ပိတ်ရက်တွေမှာ အိမ်ရှေ့မန်ကျည်းပင်အောက်မှာ ကွပ်ပျစ်ရိုက်ထားပြီး နားနားနေနေ ထိုင်နေတတ်တယ်။ တစ်နေ့တော့ သူစိတ်ကူးတစ်ခုရပြီး ရေအိုးစင်လေးတစ်ခု ဆောက်ပြီးတော့ သွားလာသူများအမောပြေသောက်ရန် ရေဖြည့်ပေးခဲ့တယ်။ မနက်ရုံးသွားခါနီး ရေအိုးကို ရေအပြည့်ဖြည့် ညနေရုံးဆင်းချိန် ရေအိုးကို ရေဖြည့်နဲ့ သူ့ရဲ့နေ့စဉ်လည်ပတ်မှုတစ်ခု တိုးလာခဲ့ပါတယ်။

(၂)
                          ရုံးပိတ်ရက်တစ်နေ့ရဲ့မနက်ခင်းမှာ သူနိုးထလို့ ရေပုံးထဲရေစစ်ခံပြီး ရေဖြည့်လျက် ရေအိုးစင်ဆီသို့ရောက်အလာမှာတော့ သူ့ရေအိုးစင်လေးမှာ ရေခွက်နဲ့သောက်ရေအဖုံးလေးက မရှိတော့ချေ။ သူအံ့သြစွာနဲ့ အနီးအနားတစ်ဝိုက်မှာလှည့်ပတ်ရှာရင်းနဲ့ မရှိကြောင်းသိလေမှ တစ်စုံတစ်ယောက်ယူဆောင်သွားတယ်ဆိုတာ သိလိုက်ရတယ်။ ဒါနဲ့ပဲ ချက်ချင်း လမ်းထိပ်စတိုးဆိုင်သို့သွားကာ သောက်ရေခွက်နဲ့အဖုံးလေးပြေးဝယ်ပြီး သန့်ရှင်းဆေးကြောကာ ရေဖြည့် အဖုံးဖုံးလျက် ရေခွက်အားကြိုးဖြင့်ချည်ရန်စိတ်ကူးရလိုက်ပြီး သံကြိုးတစ်ချောင်းကိုရှာကာ ချည်နေရင်းမှ “ အော်တကယ်လို့သာ ရေသောက်မယ့်သူတွေ ဒီကြိုးချည်ထားတဲ့ခွက်နဲ့သာ သောက်ရမယ်ဆိုရင် အဆင်မပြေနိုင်ဘူး နောက်တစ်ခုက ဒါဟာ ကိုယ့်လူမျိုးတွေရဲ့ ကိုယ်ကျင့်တရားကို စော်ကားနေသလို ဖြစ်နေပါ့မယ် ” ဟုတွေးလျက် သူကြိုးနဲ့ချည်ရန်စိတ်ကူးကို ဖျက်ကာ နဂိုအတိုင်းထားလျက် ကွပ်ပျစ်ပေါ်တွင်ထိုင်ကာ အနားယူနေတော့တယ်။

(၃)

                         သိပ်မကြာခင်မှာပဲ အဘွားအိုတစ်ယောက် တောင်းတစ်တောင်းကို ခေါင်းပေါ်တင်လျက် လျှောက်လာရင်း ရေအိုးစင်နားသို့ရောက်လာပြီး သူ့တောင်းလေးကိုကွပ်ပျစ်ပေါ်တွင်ချကာ ရေအိုးထဲမှရေကို အားရပါးရခပ်သောက်လျက် အမောပြေသွားဟန်ဖြင့် “ ရေအလှူရှင်လေး ကျန်းမာချမ်းသာပါစေ ” ဟုဆုတောင်းကာ တောင်းကိုခေါင်းပေါ်တင်လျက် ခရီးဆက်သွားချိန်မှာ သူ့ရဲ့ပီတိတွေက မောသမျှကိုပြေလျှော့သွားစေခဲ့ပါတယ်။ အဲဒီလိုနဲ့ သူဆက်ပြီးထိုင်နေစဉ်မှာပဲ လူလတ်ပိုင်း အမျိုးသမီးနှစ်ယောက် ထပ်ရောက်ရှိလာပြီး တစ်ဦးက ရေခပ်သောက်စဉ် နောက်တစ်ဦးမှ “ နင်ကလည်းဟယ် ရှေ့မှာဆိုပဲ စတိုးဆိုင်ရောက်ရင် ရေသန့်ဗူး ဝယ်သောက်လို့ရနေပြီဟာကို ” ဟုဆိုကာ ခပ်လှမ်းလှမ်းကစောင့်နေတယ် ရေခပ်သောက်တဲ့ အမျိုးသမီးကလည်း “ ရေအရမ်းငတ်နေလို့ပါဟယ် ဘယ်တုန်းက ငါကဒီလိုလူပေါင်းစုံသောက်နေတဲ့ရေအိုးစင်မှာ သောက်ဖူးလို့လည်း ” ဟုဆိုကာ သောက်ရေခွက်အား ပြန်ထားချိန်တွင် အဖုံးပေါ်မတင်မိပဲ ချော်ကာကွပ်ပျစ်အောက်သို့ကျသွားခြင်းကို မသိချင်ယောင်ဆောင်လျက် ထွက်ခွာသွားချိန်တွင်တော့ သူ့ရင်ထဲမှာ ထိုအမျိုးသမီးအား လွန်စွာအမျက်ထွက်မိသွားခဲ့တယ်။ ထိုသို့ နေ့စဉ် ကြည်နူးလိုက် ဒေါသထွက်လိုက်နဲ့ ဖြစ်ကာ ထိုရေအိုးစင်လေးအား ဖြုတ်ပစ်ရန် အကြိမ်ကြိမ် စဉ်းစားခဲ့မိပါတယ်။

(၄)

                         တစ်နေ့မှာတော့ သူထုံစံအတိုင်း ရေဖြည့်ရန်သောက်ရေအိုးစင်သို့အလာ ပြောင်းလဲနေသော သူ့သောက်ရေအိုးစင်လေးကို ကြည့်လျက် အံ့သြနေမိပါတယ်။ သူ့ရေအိုးစင်လေးကား အမိုးအကာများဖြင့် သပ်ရပ်နေပြီး သဲများခင်းထားခြင်းကို တွေ့လိုက်ရခြင်းပါပဲ။ သူ့စိတ်ထဲမှာ သူလှူမယ့်အလှူကိုထပ်မံပံ့ပိုးသလို ခံစားရပေမယ့် ကျေနပ်ခြင်းနဲ့မကျေနပ်ခြင်း ရောထွေးလျက်ရှိခဲ့တယ်။ ဒါနဲ့သူရေဖြည့်ဖို့ ရေအိုးကို ကြည့်စဉ်မှာလည်း ရေအိုးထဲတွင် ရေအပြည့်ရောက်နေသည်ကို တွေ့ရပြီး သူကွပ်ပျစ်ပေါ်တွင်ထိုင်ကာ ရေအိုးတစ်လုံးရဲ့ရေအလှူအတွက် သူမလှူရခြင်းကြောင့် စိတ်သောကရောက်ကာ ထိုဖြည့်ထားသောရေများကို သွန်ရန်အထိ စိတ်ကူးမိခဲ့ပါတယ်။
နောက်နေ့များမှာလည်း မနက်တိုင်းရေအပြည့်ရှိလျက်သားရှိနေသော ထိုရေအိုးစင်လေးကိုကြည့်ကာ သူရဲ့ဝန်တိုစိတ်တွေက တားဆီးမရအောင်ဖြစ်လာခဲ့တယ်။ ဒီလိုနဲ့ တစ်ညမှာတော့ သူအလုပ်ဖိစီးမှုတွေနဲ့ အရက်ဆိုင်သို့ဝင်ကာ မူးဝေပြီး ပြန်လာခဲ့တယ်။ အိမ်ရှေ့ ရေအိုးစင်အရောက်မှာတော့ ရေအိုးစင်ကိုကြည့်လျက် ဒေါသထွက်လာကာ သူမြတ်နိုးစွာလှူထားခဲ့သော ရေအိုးစင်လေးကို ရိုက်ချိုးဖျက်ဆီးခဲ့မိပါတော့တယ်။

(၅)

                          မနက်ခင်း အလင်းရောက်ချိန်မှာ သူနိုးထလာခဲ့ပြီး မျက်နှာသစ်ကာ အပြင်သို့မျှော်အကြည့်မှာတော့ ရေအိုးစင်အကျိုးအပဲ့နဲ့တကွ တစ်စစီကွဲရှနေသော သောက်ရေအိုး သောက်ရေခွက်နဲ့ အဖုံးတို့ကြားတွင် ရေပုံးတစ်ပုံးကို ဘေးချလျက်ထိုင်ကာ ငိုင်နေတဲ့ အမယ်အိုတစ်ယောက်ကို တွေ့လိုက်ရတယ်လေ။ သူအပြင်ကိုထွက်သွားပြီးထိုနေရာသို့အရောက်မှာ အမယ်အိုကတော့ မျက်ရည်စမ်းစမ်းနဲ့ ရေအိုးစင် အပိုင်းအစလေးများကို လိုက်လံကောက်ယူနေသဖြင့် သူက “ အမေကြီး ရေလာဖြည့်နေတာ အမေကြီးလား ” ဟုမေးရာ အမေအိုမှ “ ဟုတ်ပါတယ်သားရယ် ဒီရေအိုးစင်လေးမှာ တစ်ခါရေသောက်ရင်းနဲ့ လှူချင်လို့ အရိပ်ကလေးကလည်းကောင်း ရေအိုးစင်လေးကိုလည်း အမှိုက်သရိုက်ကင်းသွားအောင် အမေက စေတနာနဲ့ အမိုးအကာလေးလုပ်ပြီးတော့ ရေလာလှူပေးတာပါကွယ် ” ဟုငိုသံစွက်ကာပြောတယ်လေ။ ထိုအခါမှ သူ့ကိုဆုတောင်းပေးသွားသော အမေအိုမှန်း သူမှတ်မိသွားခဲ့တယ်လေ။ သူကလည်း မလျှော့ပဲ “ အမေကြီးက သူများသောက်ရေအိုးစင်ကို ရေလာဖြည့်တာကို ကိုယ့်အိမ်ရှေ့မှာကိုယ်လုပ်ပါလား ” ဟုပြောရာ အမေအိုမှ “ အမေက အိမ်မရှိပါဘူးကွယ် ဘုန်းကြီးကျောင်းမှာ ဝေရာဝစ္စလုပ်ရင်းနေရတာပါ ဒီရေအိုးစင်လေးကိုလည်း သံယောဇဉ်ဖြစ်နေလို့ မနက်အာရုံဆွမ်းအပြီး ကျောင်းကနေ ရေပုံးထဲရေဖြည့်ပြီးတော့ လာလှူရတာပါကွယ် အခုတော့ ရေအိုးလည်းကွဲသွားပြီဆိုတော့ အမေ့မှာ ရေအိုးဝယ်စရာ ပိုက်ဆံလည်းမရှိတော့ အမေ့အလှူလေး ဆုံးရှုံးသွားတာပေါ့ကွယ် သားလေးကိုအမေ ခွင့်မတောင်းမိတာ တောင်းပန်ပါတယ်” ဟုမျက်ရည်များဖြင့်ပြောချိန်မှာတော့ အမေအရွယ် အမေအိုတစ်ယောက်အပေါ် သူ့ရဲ့အတ္တနဲ့ပရ ခွဲခြားခြင်းမရှိပဲ လုပ်ဆောင်ခဲ့တဲ့လုပ်ရပ်အတွက် သူရှက်သွားခဲ့ပြီး နောင်တရသွားခဲ့ပါတော့တယ်။ ဒီဖြစ်ရပ်နောက်ပိုင်းမှာတော့ ရေအိုးစင်လေးလည်းပျောက် သူ့ရင်ထဲက အလှူတစ်ခုအတွက် ဒေါမနဿဖြစ်ရခြင်းများကို နောင်တတရားတွေနဲ့ရှင်းထုတ်နိုင်ခဲ့ပါတယ်..။


ကျော်ဦး (28.11.2012)