မိုက်မဲမှုတွေမှာ ပင်ပန်းနေပေမယ့် အခုထိတော့ မိုက်နေဆဲ မိုက်မှလည်းရမယ်
သမီးကအရူးပါ အရူးမှန်းသိသူအတွက် အရူးပျောက်ဆေး ဘယ်နားမှာရမလဲ
ဖွင့်ထားတဲ့အရိပ်တွေမှာ နားခိုဖို့သူတို့က ကိုယ်ကျင့်တရားတွေ ရွှေရည်စိမ်ထားတယ်
တစ်နှစ်စာကို ဆယ်ရက်နဲ့ပြီးတဲ့ ပညာရေးမှာ ထောက်ခံစာတစ်ခု သမီးမှာရှိတယ်
သောနုတ္ထိုရ်တွေပေါတဲ့ခေတ် ဆုံးရှုံးမှုအတွက် ဘယ်သူကမှ လျော်ကြေးမပေးဘူး
စာရိတ္တနုံနဲ့နေခဲ့တာ မဟုတ်ပါဘူး
ကံတရားအလိုကျ လျှောက်နေခဲ့တာလည်း မဟုတ်ပါဘူး
ငတ်မွတ်မှုတွေက အပေါင်းနဲ့အသင်းနဲ့လာတဲ့အခါ အူတွေအခွေလိုက် အစာရှာထွက်တဲ့အခါ ဘဝနာကျ သွားတာပါ
တကယ့်ကို စားစရာအရှာခက်နေလို့ပါ အလုပ်တွေက သမီးကို နာကြည်းနေတယ်
အခုအလုပ်မှာ သမီးက နေ့နဲ့ည အရောင်းမြှင့်တင်ရေး ဝန်ထမ်း
ဈေးစကားပြောဖို့နေရာအတွက် ဘယ်သူမှမပေးပဲ နေရာယူထားတဲ့ ဆိုင်ရာပိုင်ရာတွေကို ခွင့်တောင်းရတယ် အခုတလော နေ့ဈေးတွေ အရောင်းမထွက် ညကတော့ အရောင်းသွက်နေတယ်
နေ့ကော်မရှင်နဲ့ ညကော်မရှင်ရဖို့ သမီးက ကျန်းမာရေး ဂရုစိုက်နေရတယ်
ညီမလေး ကျောင်းတက်ရတော့မယ်….
မောင်လေးက ခေါက်ဆွဲကြော်မှာလိုက်တယ်….
မိတ်ကပ်နဲ့နုတ်ခမ်းနီ အပေါစားရေမွှေးတံဆိပ်ကပ်ထားတဲ့ သမီးနာမည် မိုးမိုး
သူတို့အတွက်တော့ ကြွကြွရွရွနဲ့ စင်သီယာပေါ့
သမီးတို့ဝန်ထမ်းတွေမှာ ပညတ်တွေ ထပ်တိုးထားတယ်
ကဒ်အတုမှာ နာမည်အတုနဲ့ ရောင်းကုန်အတုတွေကို အစစ်တွေနဲ့ရင်းရတယ်
ငြိမ်းချမ်းရေးစီမံချက်နဲ့ ငြိမ်းချမ်းရေးတွေကဖမ်းလည်း ဆက်ကြေးပေးရင် ခပ်တည်တည်ပေါ့ ပလက်ဖောင်းတစ်ခုပေါ်က ပုရိသတွေရဲ့ စကားလုံးတွေမှာ ဆော့ကစားရမယ်
အနည်းနဲ့အများကြားမှာ တစ်ခါတစ်လေတော့ ငြင်းပယ်ခွင့်ရချင်တယ်
သူတို့ရဲ့ ဆာလောင်မှုတွေကြားမှာ ဓါးစာခံဖြစ်ခဲ့ရတာ မောင်လေးတစ်သက်
အများဘဝင်မကျတဲ့ ပလက်ဖောင်းမှာ အရှက်တရားကို ငတ်မွတ်မှုနောက်ပို့ထားခဲ့ရ
ရေတွက်လိုက်တဲ့ ပိုက်ဆံတွေမှာ အစွန်းအထင်းတွေက တစ်ပုံတစ်ပင်
ရောင်ရမ်းနေတဲ့ သောကတွေအတွက် အသွေးအသားတွေ ဖောက်သည်ပေးနေရတာပါ
နိုင်ငံရေးအကြောင်း သမီးနားမလည်ဘူး
လောလောဆယ် လူတန်းစေ့ဖို့ ဈေးကအရမ်းကြီးနေတယ်
တစ်နေ့လုပ်မှ တစ်နပ်စာရယ်သာ ဝမ်းလည်းမဝ ခါးလည်းမလှဘူး
သမီး ဖယောင်းတိုင်ထွန်းပြီး နေရတာကို စိတ်ပျက်တယ်…
သမီးက အားလုံးကို ထမင်းနပ်မှန်စေချင်တယ်….
သမီးက ပိုလျှံလာရင် ညီမလေးနဲ့မောင်လေးအတွက် စုထားတယ်…
လူမျိုးစုံဆက်ဆံရေးထဲမှာ ထဲထဲဝင်ဝင်နေခဲ့ပေမယ် ဘယ်သူကပျော်နိုင်မှာလဲ
ခပ်နာနာဇာတ်လမ်းထဲမှာ ဘယ်သူကရော လာသနားနိုင်မှာလဲ
သမ္မတရုံကြီးကိုငေးနေရင်း နေပြည်တော်ရုံကြီးကိုငေးနေရင်း
တန်ဖိုးကြီး အဝတ်အစားတွေကိုငေးရင်း လူကုံထံတွေရဲ့ စားသောက်ဆိုင်ကိုငေးရုံသက်သက်
သွေးကြောထဲ ထိုးထည့်ထားတဲ့ အနာရင်းတွေက ထကြွလာတယ်
သိန်းရာချီတန်တဲ့ နာရီတစ်လုံးက ဟောင်းနွမ်းနေတဲ့ စာသင်ကျောင်းလေးကို လှောင်နေတယ်
သိန်းသုံးဆယ်ကျော် အရက်ပုလင်းတစ်လုံးက ယိုင်နဲ့နဲ့တဲလေးကို ကဲ့ရဲ့တယ်
သိန်းတစ်ထောင်ကျော်တန် ကားတစ်စီးက ဆင်းရဲသားရပ်ကွက်ကို ဖြတ်နင်းသွားတယ်
စား/ထား စရာမရှိ လူတန်းစားနှစ်ရပ်သာရှိတဲ့ အရပ်မှာ
သမီးတို့ဘဝတွေက စုပ်ယူတဲ့နောက်ပါသွားတဲ့ အပိုင်းအစလေးတွေသာ…။