Wednesday, November 21, 2012

ကျနော့်မြို့လေးကိုဖြတ်သန်းကြည့်ခြင်း

စိတ္တဇဆန်တဲ့ အတွေးတွေးကိုသတ်
အတ္တလမ်းတွေကူးဖြတ်နေရတာ
ခြေဖဝါးတွေ ကျိန်းစပ်နေခဲ့ပြီ
နီယွန်မြို့ပြမီးတွေက မှုန်ကုပ်ကုပ်နဲ့
အားငယ်နေရှာတဲ့ ကျနော့်မြို့လေးမှာပေါ့

ပလက်ဖောင်းကို အမှီသဟဲပြု
ကားတဝီဝီဖြတ်နေတဲ့ လမ်းနံဘေး
စီတန်းနေရှာတဲ့ ဘဝရဲ့နေ့ပြန်တိုးစားသူတွေ
ကားဟွန်းသံ နဲ့ ဝီစီသံ လျှံထွက်နေတဲ့
ထုံထိုင်းနေတဲ့ မြို့ရဲ့အနံ့အသက်က
လတ်ဆတ်စွာ ကြိုဆိုနေမလား

သူတစ်လူ ငါတစ်မင်းနဲ့ ခင်းကျင်းထားတဲ့
အလင်းရောင်မရသေးတဲ့ ဘဝတွေ
နေဝင်မိုးချုပ် တစ်ကုပ်ကုပ်နဲ့ အလုပ်တွေလုပ်
ဆိုင်ကယ်တွေ သေနေတဲ့ လမ်းတွေရှိရာ
လူ့မလိုင်တွေကို စက်ဆုပ်နေတဲ့မြို့
ညှိုးငယ်နေရှာတဲ့ သူ့အလှအပအောက်မှာ
အဿပြာပျောက်တဲ့ သားကောင်တွေ ငိုညဉ်းနေရဲ့

ဒီမြို့ရဲ့လမ်းပေါ်မှာ အဖြူအစိမ်းတွေ
ငြိမ်းချမ်းရေးရအောင် လှပခဲ့ဖူးတယ်
ဘေးမသန်း အေးချမ်းရအောင်
အဝါရောင်လမ်းတွေ ရှိခဲ့ဖူးတယ်
အကွက်ကျစီစဉ်တဲ့ အနာဂါတ်အတွက်
လူငယ်တစ်ချို့ ဆယ်စုနှစ် နှစ်ကြိမ်
စိန်ခေါ်ခဲ့ကြဖူးတယ်
နားလည်ရခက်တဲ့ မြို့တစ်မြို့အတွက်
ကံတော်ကုန်လို့ ငါ့မြို့လေး သေဆုံးပေးရဘူးတယ်

အခုတော့ ငိုသံတစ်ချို့တစ်ဝက်အတွက်
အလားအလာ ကောင်းစေဖို့
ဒီမြို့လေးက တောင်းဆုပြုနေခဲ့ပါတယ်..။

ကျော်ဦး (3.11.2012)

နုတ်ဆက်တေး

ရွက်မပါပဲ လွှင့်ခဲ့ပါပြီ
ဘယ်သောင်နဲ့ဘယ်ကမ်းကပ်ကပ်
ဂျစ်ပစီတစ်ယောက်ရဲ့ နှလုံးခုန်သံက
အရမ်းကို ဖျော့တော့တော့နိုင်တယ်
အိပ်မက်ထဲမှာတောင် အသက်ရှုမဝခဲ့ပါဘူး

ခံစားချက်တွေကများ ခလုပ်တိုက်မိသလား
ရိုးသားစွာ ချစ်မိခဲ့တာ သေချာတယ်
လွတ်မြောက်ရာကို မရောက်ခင်
တစ်ဖက်သတ်ဆန်ခြင်းရဲ့အရသာ
ခါးသီးစရာမဟုတ်ပေမယ့် နာကျင်တယ်ကွယ်

မနက်ဖြန်ကို ရင်ဆိုင်နိုင်ဖို့
ဒီနေ့ကို ကျွေးမွေးပြုစုခဲ့ပေမယ့်
ကံရဲ့စေစားရာမှာ နေသားတကျ
အားအင်တွေနုတ်ယူခံရတဲ့ နတ်ဆိုးတစ်ကောင်
အသက်ရှင်ဖို့ အကြောင်းလေးပါးချွတ်ယွင်းခဲ့ပါပြီ....

ပိတ်ပင်ထားတဲ့ တရားတွေကိုချိုးဖျက်
ဘဝခက်ခက်တွေကို အားပေးခဲ့တဲ့ကောင်
အောင်မြင်သူတွေအတွက် ပီတိတရား
ကြိုးစားနေသူအတွက် ခွန်အား
လိုသလောက်ပေးချင်ခဲ့တဲ့ကောင်
ပတ်ဝန်းကျင်တစ်ခုမှာ ရှင်သန်ခဲ့ဘူးတယ်လေ

လတ်တလော အခြေအနေမှာတော့
ကိုယ့်ဆူးကြိုးကို ကိုယ်တိုင်ချည်နှောင်
ကိုယ်လက်နဲ့ကိုယ်သတ် ကိုယ့်အတတ်ကိုယ်စူး
ဒုက္ခတွေကို လက်သင့်ခံနိုင်ခဲပေမယ့်
ဒုက္ခဒဏ်မခံနိုင် ယိုင်လုယိုင်ထိုးဖြစ်နေခဲ့ရတယ်

အစွန်းမလွတ်ခဲ့လို့
အငြိတစ်ချက်မှာ အသက်ပါသွားခဲ့ပြီ....
ရွှေရောင်တောက်ပတဲ့ ညနေခင်းရေ
မင်းကငါ့အတွက်တော့ မလင်းလက်နိုင်တော့ဘူး
ဒီနေ့သေမင်းနဲ့ စစ်ခင်းရတာ နှစ်ကြိမ်တိတိပါပဲ..

ကိုချောရဲ့ အတုတွေ...
လက်မရွံ့ကြီးရဲ့ လက်မောင်းသွေး
ရွှေဘုန်းလူရဲ့ ရစ်သမ်တွေ
အမြင့်ပျံငှက်တစ်ကောင်ရဲ့ စင်သီယာ
ခင်ဗျားတို့စောင့်နေပါ......
ကဗျာတွေရွတ်ဖို လာခဲ့တော့မယ်လေ

ဗင်းဆင့်ရဲ့ စုတ်ကြောင်းတစ်ချက်
ကက်ဘ်ရဲ့ ဂစ်တာတစ်လက်
လိုအပ်နေခဲ့ပြီလေ...။

ကျော်ဦး (7.11.2012)

ဟုတ်သည် (သို့သော်) မဟုတ်ပါ

မဟုတ်ဘူး....
ဒါတွေက မဟုတ်ဘူး....

ငြိမ်ချမ်းခဲ့ဖူးတာတွေရယ်
သွေးစွန်းလမ်းတွေရယ်
အကျည်းတန်ခံရတဲ့ မြို့ရယ်
ဖောက်ထွင်းခံ မြေကမ္ဘာရယ်
ဒါတွေက မဟုတ်ဘူးတဲ့လား

ကမ္ဘာကြီး ပူနွေးမှုတွေကိုဆွေးနွေး
ကြယ်တွေက လက်ပြနုတ်ဆက်
တစ်ပွင့်ပြီးတစ်ပွင့် ကြွေသွားလိုက်ကြတာ
ကြယ်တွေက ကဗျာတွေရေး
ကြယ်တွေက သီချင်းတွေဆို
ကြယ်တွေက နိုင်ငံရေးကိုစိတ်ပူ
ကြယ်တွေက မျက်ရည်မဆယ်နိုင်ဖြစ်
ဒါတွေက မဟုတ်ဘူးတဲ့လား

ကမ္ဘာကြီးရဲ့ အများဆုံးရေပြင်အပိုင်းတွေ
ခန်းခြောက်သထက် ခန်းလာခဲ့
ကဗျာဆရာရဲ့ ပိုက်ဆံအိပ်ပမာပဲ
ဒါ..မဟုတ်ဘူးတဲ့လား
မာယာကော့ဖ်စကီးလည်း မဟုတ်
ဘာတော့ဘရက်လည်း မဟုတ်
ဟုတ်နေတဲ့ အမှန်တရားအတွက်တော့
ဘာမှမဟုတ်တဲ့ ကဗျာတွေလမ်းပေါ်ထွက်ဖို့အဆင်သင့်
အဲဒါကရော မဟုတ်ဘူးတဲ့လား

ကျော်ဦး ( 17.11.2012)

ပစ် စ လတ် ခတ်

ပစ်စလတ်ခတ်ပဲ...
အလင်းတွေ လွတ်ကျကွဲ
အမှောင်သန်း စခန်းသွားဖို့
ဘယ်နည်းဘယ်ပုံ တစုံတခုကိုအမှီပြု
စက်သွားတွေ ကျိုးခဲ့တဲ့ည

ပစ်စလတ်ခတ်ပဲ...
အလျော်တောင်းခံရတဲ့ မိုးရာသီ
အရည်ပျော်သွားတဲ့ နှင်းတွေအတွက်
လေပူတွေတိုက်နေတဲ့ အရပ်တစ်ခု
ငြိမ်းချမ်းခြင်း လေညှင်းကို မျှော်လင့်ကြတယ်

ပစ်စလတ်ခတ်ပဲ...
ကြိတ်ရလွန်းလို့ နာလာတဲ့အံသွားတွေ
ကျိန်းစပ်နေတဲ့ မျက်ရည်တွေနဲ့
ဖြေလျော့ထားရတဲ့ လက်သီးဆုပ်တွေက
သွေးတစ်စက်စက်ကျလို့နေရဲ့

ပစ်စလတ်ခတ်ပဲ...
ခပ်ညံ့ညံ့ ကော့တေးတစ်ခွက်
ရနံမရှိတဲ့ ပန်းခင်းတစ်ခု
ယောင်ချာချာ လျှေက်နေတဲ့ လူငယ်တစ်သိုက်
ခပ်မိုက်မိုက် စရိုက်တွေနဲ့ နေရာ
ချစ်စရာကောင်းတဲ့ အလှတွေရှိခဲ့ဖူးတယ်

ပစ်စလတ်ခတ်ပဲ...
မြိုသိပ်မှု တံခါးတွေကိုရိုက်ချိုး
ပွင့်လင်းရာသီတစ်ခုရဲ့ အိပ်မက်
လတ်ဆတ်စွာ ပွင့်လန်းစေဖို့
ပျိုးတန်ပျိုး ချိုးတန်ချိုးခဲ့ကြပြီ

တကယ့်ကို.. ပစ်စလတ်ခတ်ပါပဲ...။

ကျော်ဦး (9.11.2012)

ပုံသွင်းခံရသော သံသေသား

စနစ်တကျမရှိတဲ့ ခံစားချက်တွေနဲ့
လက်ဖြန့်ခံမတောင်းခဲ့ပါဘူးလေ
ကိုယ့်ရင်ကိုယ်တိုင်ခွဲ လွဲမှားခြင်းတွေနဲ့
နဖူးစည်းမရှိတဲ့ မဏ္ဍပ်တိုင်မှာ
ကိုယ့်ဇာတ်ကိုယ်မနိုင်ပဲ “က”မိခဲ့ပေါ့

သူ့ရင်ခုန်သံကို နားမလည်တဲ့အဖြစ်
ညစ်နွမ်းမှု စည်းရဲ့အပြင်ဘက်မှာ
အသက်ရှုကြပ်လို့ ဇောတစ်ချက် တစ်ချက်က
မတ်မတ်တောင် မရပ်နိုင်အောင်ဖြစ်နေရဲ့
အတ္တတစ်ချို့နဲ့ ကိုယ့်ကို ရွံရှာစွာကြည့်မိတယ်

အတိတ်ခေါက်ရိုးကျိုးကို အပူပေး
ဆွေးသမျှ လွမ်းသမျှတွေက ဆောက်တည်ရာမဲ့
လက်နက်မပါတဲ့ ခံတပ်တစ်ခုသာရှိခဲ့တယ်
မျက်ရည်မြစ်ရဲ့ အစပြုခြင်းက မခံမရပ်နိုင်အောင်ပဲ
ခံစားချက်လွင်ပြင်ထဲက ငါ့မြက်ခင်းတစ်ခင်း
 ဘယ်တော့မှ မစိမ်းလန်းနိုင်ဘူးတဲ့လားကွယ်..

လွင့်မျောနေခဲ့တဲ့ အလင်းနှစ်တစ်ခု
ဆုံမှတ်နဲ့ပန်းတိုင် လှမ်းမကိုင်နိုင်ခဲ့ဘူး
မွန်းကြပ်မှုအတိနဲ့ စိတ်ခန္ဓာ
ဗလာလက်နဲ့ ခပ်ထန်ထန်မျက်ဝန်း
ဒါက မင်းပေးတဲ့ ကူပွန်တစ်ခုလားကွယ်
ကိုယ့်အသက်နဲ့ လက်ခံယူခဲ့ပါတယ်ကွယ်

နေရဲ့ပူပြင်းမှုက ခပ်ပါးပါး
လျှပ်တပြက် တားထားခဲ့တဲ့
အသွားလှလှ ဥပေက္ခာဓါးအောက်မှာ
ကျနော် ကိုယ်တစ်ခြမ်း ခိုးယူခံခဲ့ရပါပြီလေ

အဲဒီကောင်မလေးကပဲ
သူ မခံစားတတ်တဲ့ ကဗျာ...
သူ မခံစားတတ်တဲ့ အချစ်...
သူ မယုံကြည်တဲ့ မြတ်နိုးမှုတွေကို
ကျနော့်ဆီက သိမ်းယူသွားခဲ့တယ်ဗျာ..။

ကျော်ဦး (12.11.2012)

ပြ ဿ နာ လက်

ကိုယ်တိုင်လင်းမှ စာရင်းရှင်းမှာ အခုတော့မှိတ်တုပ်မှိတ်တုပ်
စွမ်းအင် အရင်းအမြစ်တွေက ပြတ်လုလု စဲလုလုဖြစ်ရ
တာတမံတုပ်လို့မနိုင် စိတ်တံခါးကိုဖွင့်ချလို့
သွဲ့သွဲ့ညင်းတဲ့ လေအေးတစ်ချို့ကို ရှုရှိုက်
အမိုက်တိုက်ကြီးကို ကိုယ့်သဘောနဲ့ကိုယ်ဖွင့်လှစ်
ပရိတ်သတ်က တစ်မိနစ်ကို ကြိမ်နှုန်းအသင်္ချေ
လက်ရှိစိတ်အခြေအနေက ရူးနှမ်းနှမ်းဖြစ်နေတယ်

ကိုယ့်အနာဂါတ်နဲ့ကိုယ် စစ်ဖြစ်နေတဲ့အထဲ
ဂြိုလ်စီးဂြိုလ်နင်း အကြောင်းတွေ မပြောနဲ့
သူများတွေ အင်္ဂါဂြိုလ်ပေါ်နေဖို့ စီစဉ်နေပြီ
ဒိဌိ ကွန်နက်ရှင်က မကျနိုင်သေးတော့
စမ်းတဝါးဝါးနဲ့ ထမ်းသွားခဲ့တာ ဘာမှန်းမသိ
ပြဿနာပေါင်းက သောင်းခြောက်ထောင်နဲ့တစ်
ကိုယ့်ပြဿနာတစ်ခု သောင်းခြောက်ထောင်ကိုအငှားယူ
လောကရဲ့ ဓါးခုတ်ရာကို လက်ဝင်လျှိုကြည့်ရတာ အရသာ

တရှိုက်မက်မက် ဆက်သွယ်ခဲ့တဲ့ လွပ်လပ်ရေး
လမ်းလျှောက်သွားတဲ့ လွပ်လပ်ရေး
ငြိမ်းချမ်းနေတဲ့ လွပ်လပ်ရေး ငိုညဉ်းနေတဲ့လွပ်လပ်ရေး
ဖခင်မဲ့ခဲ့လွပ်လပ်ရေး လောကရဲ့လွပ်လပ်ရေး
အဓိကအခြေခံက ငါ့လွပ်လပ်ရေးများလား

ကားပျက်တစ်စီးရဲ့ ယိုယွင်းမှုလိုပဲ
ခေတ်ရဲ့ အော်ညဉ်းသံ ပေါင်းစုံနဲ့ ယိမ်းလို့ယိုင်လို့
လျှပ်စစ်ရဲ့ မျက်နှာလိုက်စီးဆင်းမှုနဲ့အတူ
မြို့ကြီးတွေရဲ့ စိတ်တွေက မည်းလို့မှောင်လို့
လမ်းတွေက ကားတွေနဲ့မိတ်ပျက် မခေါ်နိုင်မပြောနိုင်ကြ
လူ့စိတ်နဲ့လူ့ကိုယ် မကပ်နိုင်အောင်ပဲ တွေးကြ ငေးကြ
အော်... ဒီနေ့ရော မနေကလိုပဲလားလေလို့...
ကျနော်ကိုယ်တိုင်လည်း တွေးလို့ငေးလို့......
ဓါးခုတ်ရာ လျှိုတဲ့အဲဒီလက် ဘယ်တော့များပြတ်မလဲလို့လေ..။

ကျော်ဦး ( 21.11.2012 )

တနေ့တာရဲ့ပုံမှန်အစီအစဉ်

အလင်းတွေ ပျံလွင့်နေတဲ့ကောင်းကင်
ကြယ်တစ်ခင်းက ညရဲ့မျက်နှာဖုံးတစ်ခုဖြစ်နေရဲ့
ရာသီအေးတစ်ခုရဲ့ ဖြတ်သန်းမှုက
 အတောင်မစုံတဲ့ အိပ်မက်တွေနဲ့
ညဥ့်ငှက်တစ်ချို့ ငိုသံအက်ကွဲကွဲသာရှိခဲ့တယ်

ကိုယ့်မနက်ခင်းမှာ ကိုယ်သက်ပြင်းချ
လစ်ဟာနေတဲ့ မနက်စာတိုင်းက စောင့်ကြို
အသက်တစ်ရက်ပိုကြီးလို့ တစ်ရက်မိုက်ခဲ့ပြီးပြီ
 ဒီနေ့အဖို့ကရော အကုသိုလ်တွေနဲ့စာချုပ်ချုပ်
 လောဘတွေနဲ့ လည်ပတ်ရတာ မောလှရောပေါ့

ဝါသနာနဲ့ဘဝက ထပ်တူမကျနိုင်
ကိုယ့်ကို နေလည်ခင်းက စားသုံးသွားပြန်ပေါ့
အလည်အပတ်ရောက်ခဲ့တဲ့ စိတ်ကူးတစ်ချို့
ပတ်ဝန်းကျင်က ရောင်စုံတွေကြားမှာ
 အေးစက်စက် လက်ဘက်ရည်တစ်ခွက် လက်ကြားညှပ်ထားတဲ့ ဆေးပေါ့လိပ်တို့နဲ့အတူ ပျောက်ကွယ်ခဲ့ပြန်ပါတယ်...

ညနေခင်းရဲ့ ညှော်နံ့သင်းသင်း လေညှင်း
 အရသာခံလို့ စားတဲ့ အထမ်းဆိုင်
ကမ်းလက်နှစ်ဘက်လှမ်းတဲ့ ဘီယာမလေးတွေ
တည့်တည့်မတ်မတ် ကျော်ဖြတ်
အလင်းဆိုင်ရဲ့ ညှို့ယူခေါ်သံ နားဆင်
 သောကနဲ့ဒေါသတွေ စုပေါင်းဆုံရာ အရပ်
 ချွေးနံ့နဲ့ယမကာအနံ့ သဘာဝအတိုင်း ထွက်နေလေရဲ့

 ညရဲ့နတ်မိမယ် တစ်ချို့က ဖျော်ဖြေရေးဇာတ်အတွက်
သူနိုင်ကိုယ်နိုင် အပြိုင်ကြဲလို့ သရုပ်ဆောင်နေကြရဲ့
လဲကျသူ ထူမပေးနိုင် အစာမကျွေးနိုင်တဲ့
ညကတော့ ခပ်တည်တည်နဲ့ လက်ပိုက်ကြည့်နေခဲ့တယ်
တနေ့တာ အစီအစဉ်တွေက ပုံမှန်လည်ပတ် ကြုံတွေ့မှုက
လက်ဘက်ရည် အရက်နဲ့ ဇာတ်ပွဲ
အဲဒီလို စိတ်ပျက်စရာတွေနဲ့ပဲ အသက်တစ်ရက်ကြီးခဲ့ ပြန်ပြီပေါ့လေ...။

 ကျော်ဦး (15.11.2012)

လူသားဆန်သောမျက်ရည် ရရှိသွားသော ကောင်မလေးအကြောင်း

                           ညနေခင်းတစ်ခု အလင်းရောင်လေးမျှတနေသည်။ အရပ်သည်ကား လူစည်ကားရာအရပ် အချိန်ကတော့ ညီအစ်ကိုရော ညီအစ်မရော ထင်ထင်ရှားရှား သိသည်အချိန်။ “ ဖြန်း ” ဟုခုန်ပေါက်ကာထွက်လာသောအသံနှင့် ဒေါသဖြင့် တဆတ်ဆတ်တုန်နေသော အသံခပ်စွာစွာတစ်ခု။ သောင်းခြောက်ထောင်မျက်လုံးတွေက အဖြစ်အပျက်နောက်ကိုလိုက်ကြည့် ကောင်လေးတစ်ယောက်ကို ကောင်မလေးတစ်ယောက်က ပါးရိုက်ပြီးသကာလ လက်ညိုးထိုးကာ ရန်တွေ့နေခြင်း။ ခပ်နွမ်းနွမ်း အဝတ်အစား သန့်သန့်ပြန့်ပြန့်ရုပ်ရည် အားငယ်မှုတွေ ပြွမ်းတီးနေတဲ့မျက်ဝန်းနှင့်ယောက်ျားလေးတစ်ယောက် ကောင်မလေးက အသားခပ်လတ်လတ် လှသည်ဟုမဆိုသာသော်လည်း ပြေပြစ်သောအဆင်း ရှိသည်ကို ငြင်းမရသောရုပ်ရည်ရှိ မျက်ဝန်းမှာတော့ ဒေါသတွေသင့်နေလေရဲ့....။


                         သူဒီနေ့ ခြေထောက်ရဲ့ဦးတည်ရာလျှောက်လာရင်းနဲ့ နေ့တွက်မမှန်တဲ့အလုပ်အကြောင်း ကျန်မာရေးမကောင်းတဲ့ မိခင်အကြောင်း စဉ်းစားလာခဲ့တယ်။ ကားမှတ်တိုင်တစ်ခုရဲ့ ထိုင်ခုံတစ်လုံးမှာ ထိုင်နေမိတယ်။ သူ့ရဲ့မျက်နှာဦးတည်ရာတည့်တည့် လမ်းရဲ့တစ်ဖက်ကမ်း အထပ်မြင့်တိုက်လှေကားတစ်ခုပေါ်က ဆင်လာတဲ့ လဝန်းလေးတစ်စင်းကို တွေ့လိုက်ရတယ်။ သူအံ့သြစွာနဲ့ပဲ ငေးကြည့်နေရင်း တစ်ဖက်ကမ်းကူးလာတဲ့ လဝန်းလေးကနီးသထက်နီးလာခဲ့တယ်။ လဝန်းလေးက သူ့ကိုသတိမထားမိအောင် သူ့ရဲ့ခပ်နွမ်းနွမ်းဦးထုပ်ကို အကာအကွယ်ပြု မျက်နှာကသိုဏ်းခိုးပြီးရှုနေခဲ့လေရဲ့။


                          နောက်နေ့တွေမှာလဲ သူအဲဒီကားမှတ်တိုင်လေးကို ဝတ္တရားတစ်ခုလိုရောက်နေခဲ့တယ်။ တစ်နေ့တော့ သူထိုင်ငေးနေရာကို လဝန်းလေးက ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာခဲ့တယ်။ “ နင်ဘာလို့ငါ့နောက်လိုက်နေတာလဲ ” သူမနုတ်ဖျားကနေထွက်ကျလာတဲ့ စကားသံလေးကို သူချိုမြိန်စွာနားထောင်ရင်းနဲ့ ပြန်မပြောနိုင်ခဲ့ဘူးလေ။ သူမထံမှ “နင့်ကိုမေးနေတာ နင်နားမကြားဘူးလား “အ”နေလား” ဟုမေးသံကြားချိန်မှာတော့ ခေါင်းကိုငုံ့လို့ ရှက်ရွံ့စွာနဲ့ သူရှောင်ပြေးဖို့ ကြိုးစားလှည့်အထွက် သူမရဲ့ ခြေထောက်လှလှလေးကို သူ့ရဲ့ ရွံ့ဗွက်ပေနေတဲ့ ဆင်ကြယ်ဖိနပ်ရဲ့ နင်းမိသွားခဲ့တယ်။ သူေ တာင်းပန်ရန်မော့အကြည့် သူမရဲ့လက်ဖဝါးနုက သူရဲ့နေလောင်ဒဏ်ရာရ ပါးတစ်ဖက်ကို ပူခနဲဖြစ်စေခဲ့ပြီး ရွံ့မုန်းစွာနဲ့ ဒေါသဖြစ်နေတဲ့ သူမရဲ့မျက်ဝန်းကိုတွေ့လိုက်ရပြီလေ။ ပတ်ဝန်းကျင်ရဲ့ ထူးဆန်းတယ်ဆိုတဲ့ အကြည့်အောက် သူမရှက်ရွံ့စွာနဲ့တစ်ဖက်လမ်းကို ပြေးအထွက် သူမကို တွန်းထုတ်လိုက်သလိုဖြစ်ပြီး အဝေးကိုလွင့်စင်ကျသွားချိန် တစ်ပြိုင်နက် အသံခပ်ကျယ်ကျယ်တစ်ခုကို နားမှာကြားလိုက်ရတယ်လေ။


                          “ ကားတိုက်ပြီ ” ဆိုတဲ့အသံကိုကြားလိုက်ရပြီး သွေးအိုင်ထဲမှာ သူ့ကိုမြင်လိုက်ရချိန်မှာပဲ အမျိုးသမီးတစ်ယောက်ရဲ့ စကားသံကြောင့် သူမရဲ့စာနာမှုမျက်ရည်တွေ ကျဆင်းလာခဲ့ပါတယ်။ “ ကျွန်မတို့လမ်းထဲက စကားမပြောတတ်တဲ့ အ“အ”လေးပါ သူ့အမေတော့ ရင်ကျိုးပါပြီ ” အဲဒီစကားသံလေးရဲ့နောက်မှာ တော့ လူသားဆန်တဲ့မျက်ရည်တွေ သူမရရှိခဲ့ပါတယ်လေ။


 ကျော်ဦး (16.11.2012)