ညနေခင်းတစ်ခု အလင်းရောင်လေးမျှတနေသည်။ အရပ်သည်ကား လူစည်ကားရာအရပ် အချိန်ကတော့ ညီအစ်ကိုရော ညီအစ်မရော ထင်ထင်ရှားရှား သိသည်အချိန်။ “ ဖြန်း ” ဟုခုန်ပေါက်ကာထွက်လာသောအသံနှင့် ဒေါသဖြင့် တဆတ်ဆတ်တုန်နေသော အသံခပ်စွာစွာတစ်ခု။ သောင်းခြောက်ထောင်မျက်လုံးတွေက အဖြစ်အပျက်နောက်ကိုလိုက်ကြည့် ကောင်လေးတစ်ယောက်ကို ကောင်မလေးတစ်ယောက်က ပါးရိုက်ပြီးသကာလ လက်ညိုးထိုးကာ ရန်တွေ့နေခြင်း။ ခပ်နွမ်းနွမ်း အဝတ်အစား သန့်သန့်ပြန့်ပြန့်ရုပ်ရည် အားငယ်မှုတွေ ပြွမ်းတီးနေတဲ့မျက်ဝန်းနှင့်ယောက်ျားလေးတစ်ယောက် ကောင်မလေးက အသားခပ်လတ်လတ် လှသည်ဟုမဆိုသာသော်လည်း ပြေပြစ်သောအဆင်း ရှိသည်ကို ငြင်းမရသောရုပ်ရည်ရှိ မျက်ဝန်းမှာတော့ ဒေါသတွေသင့်နေလေရဲ့....။
သူဒီနေ့ ခြေထောက်ရဲ့ဦးတည်ရာလျှောက်လာရင်းနဲ့ နေ့တွက်မမှန်တဲ့အလုပ်အကြောင်း ကျန်မာရေးမကောင်းတဲ့ မိခင်အကြောင်း စဉ်းစားလာခဲ့တယ်။ ကားမှတ်တိုင်တစ်ခုရဲ့ ထိုင်ခုံတစ်လုံးမှာ ထိုင်နေမိတယ်။ သူ့ရဲ့မျက်နှာဦးတည်ရာတည့်တည့် လမ်းရဲ့တစ်ဖက်ကမ်း အထပ်မြင့်တိုက်လှေကားတစ်ခုပေါ်က ဆင်လာတဲ့ လဝန်းလေးတစ်စင်းကို တွေ့လိုက်ရတယ်။ သူအံ့သြစွာနဲ့ပဲ ငေးကြည့်နေရင်း တစ်ဖက်ကမ်းကူးလာတဲ့ လဝန်းလေးကနီးသထက်နီးလာခဲ့တယ်။ လဝန်းလေးက သူ့ကိုသတိမထားမိအောင် သူ့ရဲ့ခပ်နွမ်းနွမ်းဦးထုပ်ကို အကာအကွယ်ပြု မျက်နှာကသိုဏ်းခိုးပြီးရှုနေခဲ့လေရဲ့။
နောက်နေ့တွေမှာလဲ သူအဲဒီကားမှတ်တိုင်လေးကို ဝတ္တရားတစ်ခုလိုရောက်နေခဲ့တယ်။ တစ်နေ့တော့ သူထိုင်ငေးနေရာကို လဝန်းလေးက ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာခဲ့တယ်။ “ နင်ဘာလို့ငါ့နောက်လိုက်နေတာလဲ ” သူမနုတ်ဖျားကနေထွက်ကျလာတဲ့ စကားသံလေးကို သူချိုမြိန်စွာနားထောင်ရင်းနဲ့ ပြန်မပြောနိုင်ခဲ့ဘူးလေ။ သူမထံမှ “နင့်ကိုမေးနေတာ နင်နားမကြားဘူးလား “အ”နေလား” ဟုမေးသံကြားချိန်မှာတော့ ခေါင်းကိုငုံ့လို့ ရှက်ရွံ့စွာနဲ့ သူရှောင်ပြေးဖို့ ကြိုးစားလှည့်အထွက် သူမရဲ့ ခြေထောက်လှလှလေးကို သူ့ရဲ့ ရွံ့ဗွက်ပေနေတဲ့ ဆင်ကြယ်ဖိနပ်ရဲ့ နင်းမိသွားခဲ့တယ်။ သူေ တာင်းပန်ရန်မော့အကြည့် သူမရဲ့လက်ဖဝါးနုက သူရဲ့နေလောင်ဒဏ်ရာရ ပါးတစ်ဖက်ကို ပူခနဲဖြစ်စေခဲ့ပြီး ရွံ့မုန်းစွာနဲ့ ဒေါသဖြစ်နေတဲ့ သူမရဲ့မျက်ဝန်းကိုတွေ့လိုက်ရပြီလေ။ ပတ်ဝန်းကျင်ရဲ့ ထူးဆန်းတယ်ဆိုတဲ့ အကြည့်အောက် သူမရှက်ရွံ့စွာနဲ့တစ်ဖက်လမ်းကို ပြေးအထွက် သူမကို တွန်းထုတ်လိုက်သလိုဖြစ်ပြီး အဝေးကိုလွင့်စင်ကျသွားချိန် တစ်ပြိုင်နက် အသံခပ်ကျယ်ကျယ်တစ်ခုကို နားမှာကြားလိုက်ရတယ်လေ။
“ ကားတိုက်ပြီ ” ဆိုတဲ့အသံကိုကြားလိုက်ရပြီး သွေးအိုင်ထဲမှာ သူ့ကိုမြင်လိုက်ရချိန်မှာပဲ အမျိုးသမီးတစ်ယောက်ရဲ့ စကားသံကြောင့် သူမရဲ့စာနာမှုမျက်ရည်တွေ ကျဆင်းလာခဲ့ပါတယ်။ “ ကျွန်မတို့လမ်းထဲက စကားမပြောတတ်တဲ့ အ“အ”လေးပါ သူ့အမေတော့ ရင်ကျိုးပါပြီ ” အဲဒီစကားသံလေးရဲ့နောက်မှာ တော့ လူသားဆန်တဲ့မျက်ရည်တွေ သူမရရှိခဲ့ပါတယ်လေ။
ကျော်ဦး (16.11.2012)
No comments:
Post a Comment