Wednesday, November 21, 2012

နုတ်ဆက်တေး

ရွက်မပါပဲ လွှင့်ခဲ့ပါပြီ
ဘယ်သောင်နဲ့ဘယ်ကမ်းကပ်ကပ်
ဂျစ်ပစီတစ်ယောက်ရဲ့ နှလုံးခုန်သံက
အရမ်းကို ဖျော့တော့တော့နိုင်တယ်
အိပ်မက်ထဲမှာတောင် အသက်ရှုမဝခဲ့ပါဘူး

ခံစားချက်တွေကများ ခလုပ်တိုက်မိသလား
ရိုးသားစွာ ချစ်မိခဲ့တာ သေချာတယ်
လွတ်မြောက်ရာကို မရောက်ခင်
တစ်ဖက်သတ်ဆန်ခြင်းရဲ့အရသာ
ခါးသီးစရာမဟုတ်ပေမယ့် နာကျင်တယ်ကွယ်

မနက်ဖြန်ကို ရင်ဆိုင်နိုင်ဖို့
ဒီနေ့ကို ကျွေးမွေးပြုစုခဲ့ပေမယ့်
ကံရဲ့စေစားရာမှာ နေသားတကျ
အားအင်တွေနုတ်ယူခံရတဲ့ နတ်ဆိုးတစ်ကောင်
အသက်ရှင်ဖို့ အကြောင်းလေးပါးချွတ်ယွင်းခဲ့ပါပြီ....

ပိတ်ပင်ထားတဲ့ တရားတွေကိုချိုးဖျက်
ဘဝခက်ခက်တွေကို အားပေးခဲ့တဲ့ကောင်
အောင်မြင်သူတွေအတွက် ပီတိတရား
ကြိုးစားနေသူအတွက် ခွန်အား
လိုသလောက်ပေးချင်ခဲ့တဲ့ကောင်
ပတ်ဝန်းကျင်တစ်ခုမှာ ရှင်သန်ခဲ့ဘူးတယ်လေ

လတ်တလော အခြေအနေမှာတော့
ကိုယ့်ဆူးကြိုးကို ကိုယ်တိုင်ချည်နှောင်
ကိုယ်လက်နဲ့ကိုယ်သတ် ကိုယ့်အတတ်ကိုယ်စူး
ဒုက္ခတွေကို လက်သင့်ခံနိုင်ခဲပေမယ့်
ဒုက္ခဒဏ်မခံနိုင် ယိုင်လုယိုင်ထိုးဖြစ်နေခဲ့ရတယ်

အစွန်းမလွတ်ခဲ့လို့
အငြိတစ်ချက်မှာ အသက်ပါသွားခဲ့ပြီ....
ရွှေရောင်တောက်ပတဲ့ ညနေခင်းရေ
မင်းကငါ့အတွက်တော့ မလင်းလက်နိုင်တော့ဘူး
ဒီနေ့သေမင်းနဲ့ စစ်ခင်းရတာ နှစ်ကြိမ်တိတိပါပဲ..

ကိုချောရဲ့ အတုတွေ...
လက်မရွံ့ကြီးရဲ့ လက်မောင်းသွေး
ရွှေဘုန်းလူရဲ့ ရစ်သမ်တွေ
အမြင့်ပျံငှက်တစ်ကောင်ရဲ့ စင်သီယာ
ခင်ဗျားတို့စောင့်နေပါ......
ကဗျာတွေရွတ်ဖို လာခဲ့တော့မယ်လေ

ဗင်းဆင့်ရဲ့ စုတ်ကြောင်းတစ်ချက်
ကက်ဘ်ရဲ့ ဂစ်တာတစ်လက်
လိုအပ်နေခဲ့ပြီလေ...။

ကျော်ဦး (7.11.2012)

No comments:

Post a Comment