Wednesday, February 27, 2013
မျက်ရည်စီးကြောင်း
ဒဏ်ရာဆိုတာက နက်နက်နဲနဲ ဝင်ပြီးခံစားမှ အရသာရှိတာမျိုးလေ
အစိမ်းရောင်ချို့တဲ့နေတဲ့ မြက်ပင်လေးတွေခမျာ သူတို့အနာတွေပေါ် တုတ်ကျခံရတာ သနားပါတယ် ညီမလေးရယ်
မှန်တစ်ချပ်ရဲ့ ကြည်လင်မှုအပေါ်မှာ ကိုယ်အခွင့်အရေး မယူခဲ့ပါဘူး
အထင်လွဲမှုဆိုတဲ့ အနားသတ်မျဉ်းကို ဖြတ်ကျော်ဖို့ ဘာလို့များစဉ်းစားနေရတာလည်း ညီမလေးရယ်
ကိုယ်က ငါးပွက်ရာမှာ ချကျွေးခံလိုက်ရတဲ့ ငါးစာ ခံစားခွင့်ဆိုတာကို လျစ်လျူရှုခံရတဲ့ ပြည်သူသက်သက်
အချစ်နဲ့ပတ်သတ်လာရင် အူရိုင်းသက်သက်ရယ်ပါ
မက်မောမှုတစ်ချို့တစ်ဝက်တော့ သားလှီးဓါးတစ်ချောင်းနဲ့ တစ်လွှာချင်းခွာမချချင်ပါနဲ့ကွယ်
ကိုယ့်ရင်ခုန်သံတွေက မုန်တိုင်းမိတဲ့ငှက်လို လှည့်ကွက်တွေကြားမှာ ထိတ်လန့်နေရတုန်းမို့ပါ
မပြောပါနဲ့ ညီမလေးရယ် အဲဒီအငြင်းဝါကျလေးက ကိုယ့်ကိုဝါးကူထိုးတော့မယ်လေ
ပြတ်တောင်းတောင်း ကြိုးလေးတစ်ချောင်းကိုတော့ နောက်မှီးပါးနေတဲ့ ရှင်သန်မှုအတွက် ကိုယ့်ကိုပေးပါ ညီမလေးရယ်
အဝေးက ညီမလေးရဲ့မျက်ဝန်းတစ်ချက်အပင့်မှာ ကိုယ့်နှင်းတွေကျဆင်းဖူးတယ်
ဗီးနပ်စ်ကမနာလိုဖြစ်တဲ့ ကိုယ့်နတ်ဘုရားမလေးက အသိစိတ်တွေအကုန်လုံးကို အမှောင်ချထားခဲ့တယ်
ဖောက်ပြန်လာတဲ့ အမှန်တရားကြားမှာ ကိုယ့်ကိုကြိုးတုပ်မထားခဲ့ပါနဲ့
နုံးမရှိတဲ့နွံထဲမှာ ကိုယ့်စိတ်တွေ လှိုက်မောနေရင်းက စုန်းစုန်းမြုပ်တော့မယ်လေ
ဂျိုချက်ကင်းတဲ့ ကိုယ့်နှလုံးသားပေါ် ညှင်ညှင်သာသာလေးပဲ ဖြတ်လျှောက်ပေးပါ ညီမလေး
သက်ပြင်းချပေမယ့် သက်သာရာတော့မရပါဘူးလေ စကားလုံးတွေပြေးလွှားနေတဲ့ ကိုယ်ကဗျာပေါ်မှာ
gigabyte တွေသိပ်အများကြီးမရှိတဲ့ ကိုယ့်စိတ်ကူးအခန်းလေးထဲမှာ ညီမလေးက နေရာအပြည့်ယူထားခဲ့တယ် မိုးဦးကျမျက်ဝန်းလေးတွေကို ညင်ညင်သာသာလေး ခိုးကြည့်မိတယ်
စိုစွတ်စွတ် မျက်ဝန်းတွေမှာ လှိုက်လှိုက်လှဲလှဲ ပျော်ဝင်ခဲ့ရပြီ ညီမလေးရယ်
မျက်ဝန်းလေး တစ်ချက်အဝင့်ပါပဲ...... သူငယ်ချင်းရယ် ငါ့ကိုမင်းဆဲလိုက်ပါ
ငါ့အတွက်တော့ ညီမလေးရဲ့ မျက်ဝန်းလေးတစ်ချက် အဝင့်ပါကွာ....
ကိုယ့်အတွက် ကောက်ရိုးတစ်မျှင်မပေးပါနဲ့ နွယ်တစ်ပင်မပေးပါနဲ့
အဲဒီ နွံလေးထဲမှာ ကိုယ်နှစ်သက်စွာ ပျော်ဝင်ပါရစေတော့ကွယ်...။
ကျော်ဦး (လှိုင်)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment