Wednesday, February 27, 2013

ညီမလေးကို ပေးလိုက်ပါ


လမင်းကြီးက သိပ်သာယာတယ် ညီမလေးရယ်
ကိုကိုက ညီမလေးကို ပုံပြင်လေးပြောပြမှာပေါ့
ဆာလောင်မှုတွေကြားမှာ နားနားနေနေ နေလို့မရဘူးလေ
ယာယီတဲလေးမှာ ဆန်ကြမ်းတွေကို မဝရေစာလေးနဲ့
ကိုကိုတို့ အံကြိတ်ပြီး ဖြတ်သန်းရအောင် ညီမလေးရယ်
အားတင်းထားပါ ညီမလေး မီးဆိုတာ အချိန်တန်တော့ ငြိမ်းမှာပေါ့ကွယ်
ကျောင်းတက်ခေါင်းလောင်းလေးကို သတိရတယ်
အတန်းဖော်သူငယ်ချင်းတွေကို သတိရတယ်
ကွဲကွာသွားတဲ့ အဖေနဲ့အမေကို သတိရတယ်
နှင်းတွေဆိုင်းနေတဲ့ အိမ်ဝိုင်းလေးကို သတိရတယ်
အဖေ့ရဲ့ပုံပြင်နဲ့ ထမင်းခွံ့တဲ့ အမေ့လက်ကို လွမ်းတယ်တဲ့လားညီမလေး
ချမ်းနေပြီလား ညီမလေးရယ် အနွေးထည်မရှိတဲ့ ဒီဆောင်းမှာ
ညီမလေး အင်္ကျီလေး မလဲ/မလျှော် ဖြစ်သေးဘူး
အပြစ်ကင်းတဲ့မျက်နှာလေးမှာ စစ်ရဲ့ဒဏ်ချက်တွေနဲ့
စိတ်မလျှော့လိုက်ပါနဲ့ ညီမလေးရယ် ကိုကို ထွေးပွေ့ထားပါ့မယ်
သေနတ်သံတွေကြားရင် နုတ်ခမ်းလေးတွေ တဆတ်ဆတ်တုန်လို့
အရွယ်နဲ့မလိုက်အောင် ကြောက်ရွံမှုတွေကြီးစိုးခံရတဲ့ ညီမလေးရယ်
ညီမလေးရဲ့ ဆံပင်လေးတွေ ဆီမရှိပဲ ခြောက်ကပ်နေတယ်
ညီမလေးရဲ့ အသားအရေလေးတွေ ရေဓါတ်ခန်းခြောက်နေတယ်
ညီမလေးရဲ့ မျက်နှာလေး အချိန်တိုင်း ကြောက်လန့်နေတယ်
ညီမလေးရဲ့ ဆိုနေကျသီချင်းလေး နုတ်ဖျားကနေ ထွက်ကျမလာတော့ဘူး
ညီမလေးရဲ့ ကြယ်စင်လေးနှစ်ပွင့်က မလင်းလက်နိုင်တော့ဘူး
ကိုကို့ရင်ခွင်ထဲက ညီမလေးရဲ့ ဆုတောင်းသံတိုးတိုးလေးက ကြေကွဲနေရှာတယ်
အို..အဖဘုရားသခင် သေနတ်သံတွေ ဖယ်ရှားပေးပါတဲ့လားကွယ်...။

ကျော်ဦး (လှိုင်)

No comments:

Post a Comment