ရိုးသားရင်းနဲ့ တစ်ခါတစ်လေတော့
အရိုးနဲ့အသား တစ်စစီဖြစ်သွားတတ်တယ်
မှတ်ကျောက်တင်မခံတဲ့ ကိုယ်ကျင့်တရားတွေ
ကမ္ဘာနဲ့အဝှမ်း တစ်ပုံတစ်ပင်ရှိနေရဲ့
We are the world ကိုပြန်သင်ပေးရမယ် သူငယ်ချင်း
အနာဂါတ်အတွက် အသက်ဆက်မယ့်လက်တွေ အဖြူချည်းသက်သက်တော့ မျှော်လင့်လို့မရဘူး
အဆက်မပြတ်စီးဆင်းနေတဲ့ ဒုက္ခခေတ်ကြီးမှာ ကံကိုအဖြူအမည်းရောဖို့ ဝန်မလေးဘူး
ခပ်ညစ်ညစ် အရောင်တွေက ထင်ထင်ရှားရှား
ခေတ်တစ်ခုမှာ ရေနှစ်ခါချိုးဖို့ ကြံစည်တဲ့လူတွေက ကာလတစ်ခုကို အမှောင်ချခဲ့ကြပြီးပြီ
ဓါတ်ကြီးလေးပါးက ဖောက်ပြန်တတ်တာပဲ အိပ်/စား/ကာမ ထဲမှာလည်ပတ်နေတဲ့
သွေးတွေထဲမှာ ဗြဟ္မစိုရ်တရား ခပ်ပါးပါလေးတော့ စွန်းထင်းပေးပါ
အူသံပေးနေတဲ့ ခွေးအတစ်အုပ် မစားရတဲ့အမဲ အရိုးကိုက်ဖို့စောင့်နေတယ်
ဟိန်းဟောက်သံတွေကြား ပြားပြားဝပ်နေခဲ့ရတာ မင်းလည်းခေါင်းမဖော်နိုင်ခဲ့ဘူးလေ
သခင်မျိုးဟေ့ တို့ဗမာတဲ့လား သူငယ်ချင်း
ကျွန်စနစ်ကြီး ပပျောက်သွားပြီတဲ့လား သူငယ်ချင်း
ကမ္ဘာရဲ့အချိုးကျ ရောစပ်မှုမှာ ပျော်ဝင်နိုင်အောင် လေ့ကျင့်နေရတုန်းပဲလေ
နှလုံးသားရဲ့တစ်နေရာမှာတော့ ငါတို့ ဒီမိုကရေစီရနေခဲ့တယ်
ကဗျာပေါ့ သူငယ်ချင်းရယ်....
ခါးမှန်းသိပေမယ့် အကြာကြီးဝါးနေရတုန်းပဲ
ကိုယ့်အတွက် မဟုတ်တဲ့လမ်းမှာ ဆန်ပြီးလျှောက်ခဲ့ရတာ
တစ်ခါတစ်ခါတော့လည်း ရင်ဘတ်တွေကျိန်းစပ်တယ်
လူ့အခွင့်အရေးဆိုတာ ငါတို့အတွက် လက်တစ်လုံးခြားထားတဲ့ လုပ်ဇာတ်ပါကွာ
သုံးဆယ့်တစ်ဘုံကြားက နေရာသေးသေးလေးမှာ ငါတို့လိပ်စာမှားနေခဲ့တာပါ
အဲဒီမှာပေါ့ သူငယ်ချင်းရယ်..
စပါးလုံးတစ်ထောက်စာအရေပြားအတွက် အသည်းကွဲခဲ့ရတယ်
စိတ်ဓါတ်ခွန်အားတွေ အညွှန့်ချိုးခံရတယ်
သမာအာဇီဝ တရားတွေ ခေါင်းပုံအဖြတ်ခံရတယ်
ကိုယ်ပိုင်အချိန်တွေ ဘာမှန်းမသိတဲ့ ဥပဒေအောက် ခေါင်းငုံခဲ့ရတယ်
ရစ်သမ်ပျက်နေတဲ့ ဘောလုံးအသင်းလို စိတ်တွေက ကစဉ့်ကလျား
ပျက်ကွက်မှုတွေ တစ်ထွေးကြီးနဲ့ငါ့ကို ခွင့်လွှတ်ပါ သူငယ်ချင်းရေ
သူ့အရပ်နဲ့သူဇာတ်မှာ ကိုယ်က မင်းသားလုပ်ချင်လို့မှမရခဲ့တာ
ငြိမ်းချမ်းရေးစကားလုံးတွေ စီတန်းလှည့်လည်ဖို့ ပျက်ကွက်ခဲ့ရပြီ
သူငယ်ချင်းရေ..ရရစားစားလုပ်နေခဲ့တာ မဟုတ်ပါဘူး
ငါက စက်ရုံရဲ့ အထွေထွေအလုပ်သမားလေး တစ်ယောက်ပါ
မင်းဒင်ရဲ့သက်ခိုင်မွေးဖွားရာ မက္ခရာနယ်မြေမှာ နေတဲ့သူပါ
မဝရေစာ ခံစားချက်တွေနဲ့ ကဗျာလေးရေးမိတဲ့ကောင်ပါ
လောကကြီးအကြောင်း ပြောရလောက်အောင် မကြီးကျယ်ပါဘူး
အချစ်အကြောင်း ဒဿနတွေ ပြောရအောင်လည်း နားမလည်ပါဘူး
မြေပြိုလို့ လန့်ပြေးမိတာ အထိအခိုက်တော့ နည်းနည်းရှိမှာပေါ့လေ..
သူတို့တွေမှာ မင်းနဲ့ငါတို့တွေအတွက် အရသာမရှိတဲ့ ဆက်ဆံရေးသာရှိပေမယ့်
ကဗျာတွေကြားမှာ သွေးကြောထဲက အရသာတွေက အတိုင်းသား
ကိုယ့်မာနတွေကို တာဝန်တွေကြားမှာ သားသတ်သလို သတ်ထားရတယ်
အဆင်းလည်းခက် အတက်လည်းခက်တဲ့ လောဘယာဉ်တွေကို မုန်းပေမယ့်
ကိုယ့်လုပ်အားနဲ့ သူ့ဆန်စားအပြောခံနေရတဲ့ ငါ့ကို ခွင့်လွှတ်ပေးပါသူငယ်ချင်းရေ
ဒါ ညောင်သီးမစားနိုင်ပဲ လေးသံသက်သက်နားထောင်နေရတဲ့ အရပ်ကခံစားချက်တစ်ချို့တစ်ဝက်ရယ်သာ..။
ကျော်ဦး (လှိုင်)

No comments:
Post a Comment