Wednesday, February 27, 2013

လွင့်ကျခဲ့သော အနာရွတ်များ

စိတ်တွေလေးနေတဲ့ မနက်ခင်းမှာ ဖြတ်ရိုက်ခံရတဲ့မျက်နှာလို မာနတွေရောင်ကိုင်းနေခဲ့ရ သူတို့ထွေးတဲ့အရာတွေကို ကိုယ်က သည်းခံနေရအောင် မြေကြီးမှမဟုတ်ခဲ့တာ။ အချိန်မရွေးပေါ့ ပေါက်ကွဲထွက်နိုင်အောင် ပြင်ထားခဲ့တာ ပြင်းအားမကောင်းပေမယ့် ရင်းကြကြေးဆိုရင် ကိုယ်လည်း အသေခံ ကိုယ့်လည်ပင်းကိုယ်သွေးထားခဲ့တာပါ။ အမှောင်မှာ ရမ်းသမ်းပြီးစမ်းနေပေမယ့် ရစ်သမ်မိနေတဲ့ အချိုးတွေကြားမှာ ကိုယ်ကဘာငြင်းနေအုံးမှာလဲ မစ္စတာမိုးဇက် ခင်ဗျားဂီတကိုကျနော် ဝေဖန်စရာမှမလိုတာလေ။ သေခြင်းတရားနဲ့ကိုယ်တို့က လက်ဆွဲနုတ်ဆက်ထားတဲ့ အိမ်နီးချင်းတွေ မှတ်မှတ်ရရ ကိုယ့်နေရာကိုယ်ရှာတွေ့ခဲ့တဲ့နေ့က ကိုယ့်သမိုင်းထဲမှာ ကိုယ့်ကဗျာတွေ ဒီမိုကရေစီရထားတာ ဆယ်နှစ်ကျော်ပြီ မိတ်ဆွေဆိုတာ ပုလင်းမတူပေမယ့် ဘူးဆို့တာချင်းတော့ တူခဲ့တာပဲ ကိုယ်နဲ့သူတို့က ဘာသာစကားတွေ ဓါတ်ခွဲခဲ့ကြသေးတယ် လိမ်ပြောတာချင်းအတူတူ ကမ္ဘာသုံးစကားက အပြစ်နည်းတယ်တဲ့လား ခွင့်လွှတ်ပါ ကိုယ်ရဲ့ထော့ကျိုးဘာသာစကားက ထောင့်ကျိုးချင်မှကျိုးမယ် ကိုယ်လည်းကဗျာဓါတ်ခပ်ပါးပါးနဲ့ ဘာတော့ဘရက် ကဗျာတွေကို အရိုးမရှိတဲ့လျှာနဲ့ ရွတ်ပြချင်တာပေါ့.။ အဲဒီမှာ ယုံကြည်ချက်နဲ့ရွတ်နေတဲ့ကဗျာတွေရှိတယ် အစာချေဖျက်အားကောင်းတဲ့ခေတ်မှာ အူပါးလာတဲ့ကဗျာတွေက သိပ်ချစ်ဖို့ကောင်းတာပေါ့။ ကိုယ့်လမ်းကိုယ်လျှောက်ရင်း ကိုယ့်ခန္ဓာကိုယ်ကို အားရပါးရ ငိုချင်းချခဲ့တာပါ အောင်မြင်မှုဆိုတာ လက်တစ်ဆန့်စာအကွာအဝေးလေ အဲဒီအတွက်တော့ ကိုယ်ပိုင်ဆုံးဖြတ်ချက်ကို အဓမ္မမကျင့်ခိုင်းပါနဲ့ လူလူချင်းအရိုးလုနေတာကို ကိုယ့်မာနက ပြန်ရှက်ခိုင်းနေလို့ပါ။ အနာရွတ်တွေ အသိုင်းနဲ့အဝိုင်းနဲ့ နေတဲ့အထဲ ကိုယ့်လျှာနဲ့ သူများအနာတွေသပ်ခဲ့တာမဟုတ်ဘူး ကိုယ့်မွန်းကြပ်မှုကို အရောင်းစွံမလားလို့ ခံစားချက်တွေ အရောင်တင်ကြည့်တာ ကိုယ့်ညနေကတော့ အခုထိခပ်မွဲမွဲပဲ။ အစွဲအလမ်းတွေထဲမှာ နတ်တင်သလို ကိုယ့်ကဗျာတွေ ခွဲတမ်းအချခံဖို့ မဟုတ်ဘူး။ ကိုယ်က မြတ်နိုးတဲ့အရာတွေကို သွေးကြောထဲ အစွန်းရောက်အောင် ထိုးထည့်ထားတဲ့ကောင်လေ သက်သာရာရမလားလို့ ပက်လက်အိပ်တဲ့အထဲ ကိုယ်မပါချင်ဘူး။ (ကို)လှသန်းလိုပဲ ကိုယ့်အကြောင်းမေ့ထားချင်လို့ ကိုယ်ကလည်း သူများအကြောင်းတွေ လျှောက်ပြောနေခဲ့တာပါ တကယ်တော့ ကျကျန်ခဲ့တဲ့ တပိုင်းတစ်စတွေလိုက်ကောက်ရင်း ဆေးထူထူသိပ်ထားတဲ့ အနာတွေ ရင်းသထက်ရင်းလာတယ်။ ကိုယ့်ခန္ဓာငါးပါးမှာ ဝေဒနက္ခန္ဓာ အင်းအားကြီးနေခဲ့တာကိုတော့ အားလုံးမသိအောင် ဟာသလုပ်ထားခဲ့တာပဲလေ..။

ကျော်ဦး (လှိုင်)

No comments:

Post a Comment