Friday, September 20, 2013

ကိုယ့်ကဗျာမှာ ကိုယ့်နာမည်တပ်လိုက်တဲ့အခါ မိုက်တွင်းပိုနက်သွားတယ်

ကိုယ့်ကဗျာက ကိုယ့်ကိုပြန်မေးတယ် နေထိုင်မကောင်းဖြစ်နေလားတဲ့ စကားလုံးတွေ အစာမကြေဘူးကွာ သွေးကြောတွေ တဆတ်ဆတ်တုန်နေတယ် ဘန်းစကားအဘိဓါန်အရ လန်ထွက်နေတဲ့အတ္တတွေက ဘောက်ချာဝိုင်းစုတ်လိုက်ကြတာ မျှော်လင့်ချက်တွေကို သေစာရင်းထဲ အသွင်းခံလိုက်ရတာ အကောင်းဆုံး ပြုံးနိုင်ဖို့အတွက် ကိုယ့်မျက်လုံးတွေသော့ခတ်ထားလိုက်တယ် ချိပ်ပိတ်ထားတဲ့ ဆန္ဒတွေက တစ်ခါတစ်ခါ ဒေါသချွန်းပွင့်သွားတဲ့အခါ မိုးမွှန်အောင် ဆဲဆိုမိလိုက်တယ် အရေပြားပေါ်ကျလာတဲ့ ရောဂါဆန်းတွေနဲ့ယဉ်ပါးအောင် ကြိုးစားရင်း နောက်ကျောက လှောင်ပြောင်လိုက်တဲ့ လက်ခုပ်သံတွေနဲ့ အသားကျသွားတယ် သေခြင်းတရားနဲ့ စစ်တုရင်ထိုးဖို့ ဘယ်သူကများ စိတ်ကူးခဲ့ဖူးလဲ သေရင်ကိုယ့်နောက်ပါဖို့ အကုသိုလ် တက်တူးတွေ ထိုးထားလိုက်တယ် ကြောင်တောင်ကန်းလမ်းတွေမှာ တပ်ထားတဲ့မျက်မှန်မည်းကြီး ခဏလောက်တော့ချွတ်ထား ထွေးထားတဲ့ စကားလုံးတွေကို ပြန်မျိုဖို့ သွားရည်တမြားမြား ကျနေတော့မှာလား နူးညံ့မှုတစ်ချို့က လောဘအလိုနောက်လိုက်မိသွားတဲ့ အခါ အာရုံခံအင်္ဂါအစိတ်အပိုင်းတွေက လောင်စာသက်သက်ဖြစ်ခဲ့ရ အစဆွဲထုတ်လိုက်တဲ့ ပိုးလိုးပက်လက်ရာဇဝင်တွေမှာ ကိုယ့်ကိုကိုယ် လေးစားဖို့ ဘာသိဒ္ဓိမှ တင်စရာမလိုဘူး ခေါက်သိမ်းထားတဲ့ ကိုယ်ကျင့်တရားတွေမှာ ကျိုးကျေရာတွေနဲ့
 လူဟာ လူလို ကျင့်/ကြံ/ခံစား လိုက်မှ သူ့ကိုယ်သူ လူလို့ထင်သွားရှာခဲ့ လူမျိုးကြီးဝါဒကို စနစ်တကျသုံးစွဲဖို့ အရောင်းမြှင့်တင်ရေးလုပ်ကွက်ကို ဘယ်မော်ဒယ်လ် ခပ်လန်းလန်းလေးနဲ့ ကြော်ငြာမလဲ ကာမေသုကို မိစ္ဆာလိုကျင့်ကြံတဲ့ လူကြီးလူကောင်းများခင်ဗျာ ကျနော်ကတော့ သူရာပြည်က ငမိုက်သား ကျော်ဦးပါ ခင်ဗျားတို့လူကြီးလူကောင်း ကျင့်ဝတ်တွေကို ဟားတိုက်ရင်း သိပ်လေးစားတဲ့ ကျော်ဦးပါ သွားလေရာ လိုက်ချင်တဲ့ တဇွတ်ထိုးစိတ်တွေကို ဓါတ်ဆီလောင်းထားလိုက်တယ် ကိုယ့်မှာ ခြစ်တိုင်းတောက်တဲ့ ကတုံးကတိုက် ဘာသာစကားတွေနဲ့ နာကြည်းစရာ ခေတ်ကြီးတစ်ခုလုံး ရှိတယ် တွေ့ရဲ့လား စက်သွားတစ်ခုမှာ အသွားတွေ တဖြောင်းဖြောင်းကျိုးကုန်ပြီ ချို့ယွင်းသွားတဲ့ Program မှာကစဥ့်ကလျားဖြစ်နေတဲ့ ကိုယ့်မှတ်ဥာဏ်တွေကို ထည့်သွင်းပေးပါ ဒါ Guns N Roses ရဲ့ Civil War မဟုတ်ဘူး ဘာသာပြန်စရာမလိုဘူး ဝါကျတစ်ကြောင်းရဲ့ အထူးပြုလုပ်ချက်တွေနဲ့ဘာသာဗေဒထဲကို သွပ်သွင်းပေးပါ သူတို့သုံးစွဲတဲ့ နိုင်ငံခြားဖြစ် ဆက်ဆံရေးတွေထဲမှာ  ကိုယ်ရေးတဲ့ကဗျာကတော့ Made In Myanmar စစ်စစ်ဖြစ်ကြောင်းပေါ့..။

ကျော်ဦး (လှိုင်)

No comments:

Post a Comment