Friday, September 20, 2013

ဒီနေ့ခေတ်လူငယ် အချဉ်မဟုတ်ဘူး အချိုသပ်လို့မရဘူး တော်ကီခေတ်ကြီး ဆုံးသွားရှာပြီ

အမှောင်ယောင် ဆိုးထားတဲ့ ညပျင်းပျင်းထဲ စုန်းတောက်လိုက်သလို ဖျတ်ခနဲ လက်ခနဲ စိမ်းသွားတယ် ဘာတွေလဲ ကျွန်မနားက အမှောင်ကားတွေပဲ အချိုဓါတ်မရှိတဲ့ နှုတ်ခမ်းတွေကို စုပ်ယူနမ်းရှိုက် စိတ်တူကိုယ်တူ ရူးသွပ်လိုက်ကြ မွန်းကြပ်မှုတွေကို ဓါတ်ပုံထဲက ချွေးတွေရွှဲနစ်နေတဲ့ ရင်သားပေါ်မှာ ပစ်ခွဲပစ်လိုက် ဘယ်ဘုရားရဲ့အလိုတော်အတိုင်းမှ မနေနိုင်တော့တဲ့ ခေတ်ကြီးထဲ အမှန်တရားနဲ့ မှောက်မှားမိတဲ့ မိန်းမတစ်ယောက် ရှင်တို့အညှီအဟောက်တွေ အစွယ်လာထုတ်မပြနဲ့ နားကားသွားမယ်

ဒေါသဆိုတာ မိန်းမတစ်ယောက်အတွက် ကာကွယ်ရေးပစ္စည်းလားကလေး ကိုယ်က မိန်းမတစ်ယောက်ရဲ့ ဓါတ်ပုံအောက်မှာ မင်းတို့ရဲ့ Face Book ယဉ်ကျေးမှုထုံးစံအတိုင်း အမည်မဲ့သူရဲကောင်းတွေလိုတော့ မဆဲတတ်ဘူး မင်းစိတ်ထဲမှာ ကိုယ်ဟာ ခပ်တုံးတုံးယောက်ျားတစ်ယောက် အသိတရားကိုနေ့တိုင်း Update လုပ်ထားတဲ့ကောင် မင်းဓါတ်ပုံအောက်က ကိုယ့် Comment ကို ရိုရိုသေသေ ဖတ်ကြည့်လိုက်ပေါ့ ကလေး 

ရှင် ဘာပြောလိုက်တယ်.....
အဲဒီပို့စ်က ကိုယ်ကြိုက်တဲ့ မင်းသမီးတစ်ယောက်ရဲ့ အရှင်လတ်လတ် မှောက်မှားမိစေတဲ့ နှုတ်ခမ်းပေါ့ ဟုတ်လား
ဘလိုင်းကြီး ဘီလူးဆိုင်းတီးပြီး ဝင်မလာနဲ့လေ အလှူအိမ်မဟုတ်ဘူး ရှင်တို့ရဲ့ မနောကံမြောက် ပြစ်မှားမှုလောက်ကို ကြောက်နေရင် ကျွန်မရဲ့ ပေါင်သားဖြူဖြူတွေကို ထုတ်မပြဘူး Sex မှာလက်ယဉ်နေတဲ့ ငကြောင်တွေနေတဲ့လောက လိင်မှုဆိုင်ရာ အကြမ်းဖက်ခံရတဲ့ အပျိုရည်တွေ ဘယ်လောက်များနေပြီလဲ စကတ်နဲ့ဘောင်းဘီအောက်က ပြက်လုံးတွေနဲ့ တဟားဟား တဟီးဟီး ရယ်နေတဲ့ လူတွေ ရှင်မို့လို့ နှလုံးအမောအဖောက်ခံနေတယ် သိပ်စဉ်းစားမနေနဲ့ တော်ကီ ခပ်မိုက်မိုက်တွေတက်လာရင် ရင်ခုန်ပြီး လင်တရူးတဲ့ ခေတ်မဟုတ်ဘူး

မင်းရဲ့ခွေကျနေတဲ့ ဆံနွယ်ကအစ ခြေအဆုံး ချစ်ခြင်းတရားတွေနဲ့ နှလုံးသားအလိုတော်ကျ ပြစ်မှားမိတာ သန့်စင်မှုတစ်ခုလို့ မင်းမြင်ကြည့်ပေးပါကလေး ချစ်ခြင်းမေတ္တာသက်သက်ဆိုတာ မင်းသိထားခဲ့တဲ့ ဂရိဒဏ္ဍာရီပဲ လူ့အဖြစ်ကို ကယောင်ကတမ်းရလာတဲ့သူတွေ ရမ္မက်နဲ့ကြီးပြင်းလာပြီးမှ ဟန်ဆောင်ကြ ဆိတ်ကွယ်ရာကျမှ လိင်ပိုင်းဆိုင်ရာ စိတ္တဇတွေကြောင့် လူ့အဖွဲ့အစည်းမှာ လူမဆန်တဲ့ လူကြီးလူကောင်းတွေများလာခဲ့ပေါ့ ထားခဲ့လိုက်ပါ ကလေး ဒီလူတွေနဲ့ဝေးရာမှာ မင်းကို ကိုယ်က တပ်မက်စွဲလန်းမှုတွေနဲ့ ချစ်မိပါတယ် ကလေးရေ...

ဘာရှင့် ကျွန်မကိုချစ်တယ်ဟုတ်လား..
ဒါကျွန်မအတွက် အရယ်ရဆုံး ဟာသပဲ အချစ်က အစာအိမ်နဲ့တွေ့ရင် အဝေးကြီးရောက်သွားမှာ နေပါဦး...ဒီစာသားထဲမှာ ရှင့်လိင်စိတ်ကြီး ဘယ်လောက်ပါလဲ ချစ်ခြင်းမေတ္တာဟာ ကိုယ်ထိလက်ရောက်စော်ကားခံရခြင်း တစ်မျိုးပဲ အချစ်ကဗျာလေး တစ်ပုဒ်နှစ်ပုဒ်လောက်နဲ့ တက်မလာနဲ့ ကျွန်မက ရှယ်လီနဲ့ ဘိုင်ရွန်တောင် ရင်မခုန်ဘူး ဆိုနေတဲ့ သီချင်းက Do it like a dude ဘာနဲ့မှ မချုပ်နဲ့ လိုအပ်ရင် မိုးမွှန်အောင် ရိုင်းစိုင်းပစ်လိုက်ဖို့ အဆင်သင့် စီးကရက်၊အရက်နဲ့ စိတ်ကြွဆေးပြား ရှင်ဘယ်လိုနားလည်ထားလဲ အရှက်ရော အသက်ရော လိုချင်ရာနဲ့လဲပစ်လို့ရတယ် Do or die ပဲ 

ကြွပ်ဆပ်ဆပ်ခေတ်ကြီးမှာ ကျိုးကျေရာတွေများလာတာ ဘာများဆန်းလဲ နှလုံးသားက အစာအိမ်နဲ့ အဝေးကြီးပဲဆိုတာ သိပ်မှန်တာပေါ့ ကလေး ချစ်ခြင်းမေတ္တာမပါပဲ စိတ်ပါလက်ပါ ဘယ်သူ့ကိုများ ဆက်ဆံလို့ရမလဲ နန့်ကြောထ အချစ်ကဗျာတွေထဲ ကိုယ့်ကဗျာကို ဆွဲမထည့်ပစ်လိုက်ပါနဲ့ ဗီးနပ်စ်လောက်နဲ့ တက်လာရင် တောက်ချခံရမယ့် ကဗျာခေတ်လေ ကလေးရဲ့ ခေတ်ပေါ်မိန်းမတစ်ယောက်ရဲ့ စရိုက်အတိုင်း မင်းကိုယ်မင်း ဆိုရှယ်ကျချင်ကျပေါ့  ကိုယ့်ကျင့်တရားနဲ့ ကိုယ်ချင်းစာတရားကိုတော့ အလုံးလိုက်လဲတပ်လို့မရဘူးဆိုတာ မင်းသိထားရမယ် ကလေး

ဟင်းဟင်း.. ဟုတ်တယ် ကျွန်မက သံချေးတက်နေတဲ့မိန်းမ ဘာဖြစ်သေးလဲ I don't care ဟိုက်ထားတဲ့ ရင်သားတွေကို ရှင်တို့ပဲကြည့်ပြီး ယဉ်ကျေးမှုနဲ့ ရိုင်းစိုင်းလိုက်ကြ ရမ္မက်တွေ ပွစာကြဲနေတဲ့ ဦးဏှောက်ကြီးနဲ့ ဝေဖန်လိုက် မျက်လုံးတွေက ဗိုက်သားဝင်းဝင်းတွေကို စိုက်ဝင်နေတယ် လူတွေရဲ့ ဟန်ဆောင်မှုက နွေရာသီထဲမှာ European suite ဝတ်လာတဲ့ လူကြီးလူကောင်းလိုပဲ အိုက်စပ်စပ်နဲ့ ကြည့်မကောင်းတဲ့ Fashion ကျွန်မဝတ်ထားတဲ့ ဝမ်းကွာတားနဲ့ ကျွန်မ ရှင်ကရော ဘယ်ဟာကိုချစ်တာလဲ ရှင်တို့ ပါးစပ်ထဲမှာ Free style ဆိုသလို မုသား flow တွေအပြည့် နားထောင်ကြည့်သေးတာပေါ့ ရှင့်ရဲ့ပစ်ပေါက်မယ့် စကားလုံးတွေကို

အကျော်အခွ လည်ပင်းဖြတ်နင်းခံရတဲ့ လုပ်ရပ်တွေမှာ မင်းဟာ နှစ်ဖက်သွားဓါးတစ်ချောင်းယောင် ဆောင်ထားပါ ကလေး လောကကြီးက ငွေသံတချွင်ချွင်မြည်မှ အရသာခံလို့ရမယ်တဲ့လေ အောက်သွေးတိုးနေတဲ့ လူ့ယဉ်ကျေးမှုကြီးကိုတော့ ဂရုမစိုက်နဲ့တော့ ကဗျာဆရာကိုသျှား ပြောသလို ကိုယ့်မုသားဟာ အနုပညာဆန်တဲ့ လှပတဲ့ မုသားပေါ့ ကလေး ကိုယ့်ချစ်ခြင်းတရားကို တစ်ခါသုံးခွက်တစ်ခုထက် တန်ဖိုးထားစေချင်တယ် မင်းဟာကိုယ့်ရဲ့ ဆွဲဆောင်မှုအကောင်းဆုံး စကားလုံးတွေနဲ့ စာသားအဆောက်အအုံတစ်ခုပေါ့ ကလေးရယ်

ရှင်ကလဲ ခုနှစ်ဆွေး ရှစ်ဆွေးက သားမှတ်မှတ် မယားမှတ်မှတ်တွေကို ဆလမ်းလာရွတ်ပြန်ပြီ
ထားလိုက်တော့ ရှင့်စကားလုံးတွေ ပြန်သိမ်းထား အိတ်ကပ်ထဲကို ရေအပြည်ခပ်လာခဲ့ လန်းမယ့်နေရာတွေ ဒိုးမယ်ဆို ရှင့်ဖုန်းနံပါတ် ကျွန်မကိုပေးထား အလျော်အစားကြမ်းချင် ကြမ်းမယ် မအံ့သြနဲ့ ကျွန်မက တစ်ခါတစ်လေ မိန်းမစစ်စစ် တစ်ခါတစ်လေ Lesbian အခုလောလောဆယ် မလန်းဆန်းတော့တဲ့ စကားလုံးတွေနဲ့ ပစ်ပေါက်တဲ့ ရှင့်ရင်ခုန်သံကို ခံနိုင်ရည်ဘယ်လောက်ရှိမလဲလို့ စမ်းသပ်ချင်တယ် ရှင့်သဘောတူညီချက်ကို မက်ဆေ့ခ်ျပြန်ပို့လိုက်...

ဟားဟားး.. အိုကေ တော်ကီခေတ်ကြီး အသက်ရှုရပ်သွားပြီးဆိုတာ မင်းနဲ့ကိုယ်နှစ်ယောက်စလုံး သိပြီးတဲ့နောက်ပေါ့ ကလေးရေ..။

(ခေတ်ပေါ်ဈေးကွက်ထဲက အလန်းဇယား... ကဗျာကို ပြန်ပြင်ပြီး ရေးထားခြင်းမျှသာ)

ကျော်ဦး(လှိုင်)

No comments:

Post a Comment